Subscribe to our RSS Feed

ဘဏ်လုပ်ငန်းဆိုင်ရာ မဟာဘွဲ့သင်တန်း ပထမဆုံး ဖွင့်လှစ်မည်

From : ခေတ်လူငယ်

ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့် မြန်မာနိုင်ငံ ဘဏ်သင်တန်းကျောင်းတို့ ပူးပေါင်း၍ ပထမဆုံး ဖွင့်လှစ်သည့် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာ မဟာဘွဲ့သင်တန်း လျှောက်လွှာများကို အောက်တိုဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ မြန်မာနိုင်ငံ ဘဏ်သင်တန်းကျောင်းတွင် စတင်ရယူနိုင်ကြောင်း အဆိုပါ ဘဏ်သင်တန်းကျောင်းထံမှ သိရသည်။ “ဒီသင်တန်းက ဘဏ်လုပ်ငန်းတွေ ဖွံ့ဖြိုးလာမှာဆိုတော့ ဘဏ်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အဓိက သင်ပေးမှာ” ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ် ဝါဏိဇ္ဇဗေဒဌာန ဌာနမှူး ဒေါ်ရီရီသန်းက ပြောကြားသည်။ သင်တန်းကာလကို စာတွေ့ နှစ်နှစ်နှင့် လက်တွေ့သုတေသန တစ်နှစ် ကြာမြင့်မည်ဟု သတ်မှတ်ထားပြီး ရန်ကုန်မြို့ရှိ ဘဏ်သင်တန်းကျောင်းတွင်သာ ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း၊ သင်တန်းသားဦးရေ ၅၀ ကိုသာ လက်ခံသင်ကြားပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ လျှောက်ထားသူများသည် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားရန်၊ ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး သုံးနှစ်ရှိရန် လိုအပ်ပြီး အခြားသင်တန်းများ တစ်ပြိုင်နက် တက်ရောက်သူမဖြစ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဘဏ်သင်တန်းကျောင်းက ထုတ်ပြန်ထားသည်။ သင်တန်း လျှောက်ထားသူများသည် နိုဝင်ဘာလ ၂ ရက်နေ့ နောက်ဆုံး လျှောက်လွှာများ တင်သွင်းပြီး နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ရေးဖြေစာမေးပွဲ ဖြေရမည်ဖြစ်ကြောင်း အဆိုပါ ကျောင်းမှ သိရသည်။ အသေးစိတ် သိရှိလိုသူများ မြန်မာနိုင်ငံ ဘဏ်သင်တန်းကျောင်း၊ အမှတ် ၂၊ စည်ပင်လမ်းသစ်၊ ရန်ကင်းမြို့နယ်၊ ဖုန်း ၀၉-၇၃၂၁၂၈၉၈ ကို ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ်အောက်တိုဘာ ၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။  

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်