From :မြ၀တီ
ပထမအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် ခန်းမ၌ ကျင်းပရာ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း အပါအဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၉၉ ဦးတို့ တက်ရောက်ကြသည်။ ရှေးဦးစွာ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးလှဆွေ၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြန်လည် ဖြေကြားသည်။ ပထမမေးခွန်းဖြစ်သည့် ပြည်ပမီဒီယာများမှာ မြန်မာနိုင်ငံအတွင်းမှ ပြည်သူတစ်ဦး တစ်ယောက် ဖြစ်စေ၊ အဖွဲ့အစည်း တစ်ရပ်ရပ်ကိုဖြစ်စေ ထိခိုက်အောင်၊ သိက္ခာကျအောင် အသရေဖျက် ပြောဆိုလာလျှင် မည်သည့်ပုဒ်မနှင့် အရေးယူမည်ကို သိရှိလိုကြောင်း မေးမြန်းချက်နှင့် စပ်လျဉ်း၍ ပြည်ပမှ ထုတ်လွှင့်သော အသံလှိုင်းများသည် မြန်မာနိုင်ငံသို့ ရောက်ရှိပြီး မြန်မာနိုင်ငံတွင် ရေဒီယိုဖွင့်ပါက ပြည်သူတိုင်း ကြားရသော အသံလှိုင်းဖြစ်နေလျှင် ပြည်ပတွင် ထုတ်လွှင့်ခြင်း ဖြစ်သော်လည်း မြန်မာနိုင်ငံ အတွင်း၌ သက်ရောက်မှုရှိသဖြင့် မြန်မာနိုင်ငံ တရားရုံးများ စီရင်ပိုင်ခွင့်အတွင်း ကျရောက်ပါကြောင်း၊ အသရေပျက်စေခြင်း (Libel)မှု ကျူးလွန်ကြောင်းဖြင့် တရားစွဲဆိုမည်ဆိုပါက ငွေကြေး၊ ပစ္စည်း မည်မျှနစ်နာ ဆုံးရှုံးရကြောင်း သက်သေပြရန်မလိုဘဲ တရားမနစ်နာမှုဥပဒေ (Law of Tort) ဖြင့် တရားစွဲနိုင်ခွင့် ရှိပါကြောင်း၊ ယင်းဥပဒေမှာ အပြည်ပြည်ဆိုင်ရာတွင်လည်း ယဉ်ပါးနေပြီး ကျင့်သုံးနေသည့် ဥပဒေဖြစ်ပြီး ယခင်က စီရင်ထုံးများလည်း ရှိပါကြောင်း။ သို့ရာတွင် တရားစွဲမည်ဆိုပါက စွပ်စွဲခံရသူမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တရားရုံးများ၏ စီရင်ပိုင်ခွင့် နယ်မြေပြင်ပတွင် နေထိုင်လုပ်ကိုင်နေသူများ ဖြစ်နေလျှင် ယင်းတို့အပေါ် စီရင်ပိုင်ခွင့်ရှိသည့် ပြင်ပတရားရုံးတွင် တရားစွဲဆိုမှသာ တရားရုံးစီရင်ချက်ကို အတည်ဖြစ်နိုင်မည် ဖြစ်သဖြင့် အကျိုးဖြစ်ထွန်းမှုရှိ/ မရှိကို မူထည့်သွင်း စဉ်းစားရန် လိုကြောင်းဖြင့် ဖြေကြားခဲ့သည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်