Subscribe to our RSS Feed

သံသယပျောက်ပါစေ၊ အမှန်ဘ၀ရောက်ပါစေ

From :  မောင်မောင်ဖိုးမှန်


 ယနေ့ကာလသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအား အရွေးချယ်ခံအစိုးရတစ်ရပ် ၏ ဦးဆောင်ဦးရွက်ပြုမှုဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ်အဖြစ် တည်ဆောက်နေသော အချိန် ကာလဖြစ်ပေသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရာတွင် မရှိမဖြစ် လိုအပ်သော အခြေခံအချက်များဖြစ်သည့် နိုင်ငံတော်အေးချမ်းတည်ငြိမ်မှုနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုတည်းဟူသော လုပ်ငန်းစဉ် ၂ ရပ်အား ပြည်သူလူထုအများစု၏ တူညီသောဘုံ သဘောထားဆန္ဒနှင့်အညီ ရည်မှန်းဖော်ဆောင်လျက်ရှိပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နယ်ပယ်ကဏ္ဍအသီးသီးတွင် ဒီမိုကရေစီကျင့်စဉ်နှင့် အညီ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု (Peace and Stability) နှင့်အညီ အပြန်အလှန်ထိန်းကျောင်းမှု (Checks and Balance)၊ ပွင့်လင်းမြင်သာမှု (Transparchey)၊ အားလုံးပါဝင်ဆောင်ရွက်နိုင်မှု (All Inclusive)၊ ဖြေလျော့မှု(Relaxion)၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆောင်ရွက်မှု (National Reconsilation) လုပ်ငန်းစဉ်များအား တာဝန်ယူမှု၊ တာဝန်သိတတ်မှု၊ သဘောထားကြီးမှု၊ အပြန်အလှန်လေးစားမှု၊ စိတ်ရှည်သည်းခံခွင့်လွှတ်မှု၊ မတူညီသောအချက်များအား ဖယ်ရှား၍ တူညီသောအကျိုးစီးပွားများ အား အတူတကွပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်း မျက်မြင်ဒိဋ္ဌတွေ့ရှိနေရပေသည်။
 ယနေ့မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆၀ ကျော်ရှိပြီး နိုင်ငံသားအများစု၏ ဘုံသဘောထား ဆန္ဒအနေဖြင့် တည်ငြိမ်အေးချမ်းစွာနေထိုင်လိုခြင်းနှင့် နိုင်ငံတော်၏လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေ လိုခြင်းတည်းဟူသော လိုလားချက် ၂ ရပ်သာဖြစ်ကြောင်း ထင်ရှားစွာတွေ့ရှိရပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့်လည်း ပြည်သူ့ဆန္ဒသဘောထားနှင့်အညီ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံ လူမှု စီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးအား အဓိကထားဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတည်ငြိမ်အေးချမ်း ရေးတွင် အပိုင်း ၂ ပိုင်းရှိပြီး တစ်ပိုင်းမှာ နိုင်ငံရေးတည်ငြိမ်ရန်ဖြစ်ကြောင်းနှင့် ဒုတိယအပိုင်းမှာ ငြိမ်းချမ်းရေးရရှိရန်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့ဆန္ဒကို အလေးထား၍ နိုင်ငံရေးအမြင်ကွဲပြားခြားနားခဲ့သော ဆန့်ကျင်ဘက်ပြည်တွင်းနိုင်ငံရေးအင်အားစုများ နှင့် ပြည်ပအခြေစိုက်နိုင်ငံရေးအင်အားစုများကိုပါ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်၍ မတူညီသည်များ ဘေးဖယ်ထားပြီး တူညီသည့်ကိစ္စရပ်များတွင် နိုင်ငံအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဖိတ်ခေါ်ကမ်းလှမ်းဆောင်ရွက်ခဲ့ရာ ယနေ့အခြေအနေတွင် အားလုံးပါဝင်သော နိုင်ငံရေးလုပ်ငန်းစဉ် တစ်ရပ်ပေါ်ထွန်းလာရန်ပင် မျှော်မှန်းနိုင်ပြီဖြစ်ကြောင်း တွေ့ရှိရပေသည်။ 


 နိုင်ငံတည်ငြိမ်ရေး၏ ဒုတိယပိုင်းဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုလည်း ထိတွေ့ဆက်ဆံဆွေးနွေးမှုများဖြင့် စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရပေသည်။ သို့ရာတွင် လွတ်လပ်ရေးရရှိပြီးနောက် ဖြစ်ပေါ်လာခဲ့သော ပြည်တွင်းပဋိပက္ခသည် ယနေ့အထိပြီးဆုံး နိုင်ခြင်းမရှိဘဲ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးပြည်တွင်းစစ်ဟုပင် မှတ်တမ်းတင်ရမလိုဖြစ်နေပေသည်။ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးသည် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အထူးပင်အရေးကြီး သောအခြေခံအချက်အဖြစ် နိုင်ငံတော်အစိုးရအနေဖြင့် လက်ခံယုံကြည်ပြီး ဖြစ်သည်နှင့်အညီ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဆင့်လိုက်ချမှတ် လုပ်ဆောင်လျက်ရှိသည်ကိုလည်း တွေ့ရှိရပါသည်။ ပထမအဆင့်ပြည်နယ်အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ ဒုတိယအဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ တတိယအဆင့် တိုင်းရင်းသားခေါင်းဆောင်များပါဝင်သော ညီလာခံကျင်းပရေး စသည်ဖြင့် အဆင့် ၃ ဆင့် ချမှတ်ကာ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၁ဖွဲ့အနက် ၁၀ဖွဲ့နှင့် သဘောတူညီချက်များရရှိထားပြီး ကချင်လက်နက်ကိုင်အဖွဲ့(KIA) တစ်ဖွဲ့ တည်းနှင့်သာ သဘောတူညီမှုရရှိရန်ကျန်ရှိနေသေးကြောင်း တွေ့ရှိရပါသည်။ တပ်မတော်အနေဖြင့် လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရာတွင် နားလည်မှုလွဲမှားခြင်းမဖြစ်စေရေးအတွက် ကချင် ပြည်နယ်အတွင်း မိမိကိုယ်ကို ခုခံကာကွယ်ခြင်းမှအပ ပစ်ခတ်တိုက်ခိုက်ခြင်းမပြုရေးအား တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ ကချင်လက်နက်ကိုင်အဖွဲ့(KIA) အနေဖြင့်မူ နိုင်ငံတော်နှင့် တပ်မတော်၏သဘောထားကြီးမှုအား အခွင့်ကောင်းယူ၍ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအား တိုးမြှင့် ဆောင်ရွက်နေခြင်းကိုလည်း မငြင်းနိုင်သောအချက်များအဖြစ် မြင်တွေ့နေရပေသည်။ တစ်ဖက် ကလည်း နိုင်ငံရေးနည်း၊ စစ်ရေးနည်းပေါင်းစပ်ဝါဒဖြန့်ကာ ပြည်တွင်းနိုင်ငံရေးအင်အားစုများနှင့် ပြည်ပ နိုင်ငံများ၏ ထောက်ခံမှုရရှိရန် ဆောင်ရွက်နေသည်ကိုလည်း တွေ့မြင်ကြားသိနေရပေသည်။ ကချင်လက်နက်ကိုင်အဖွဲ့(KIA) ၏ စစ်ရေးအရ တိုးမြှင့်တိုက်ခိုက်လာမှုကို အကြောင်းပြု၍ တပ်မတော်ဘက်မှ မိမိကိုယ်ကိုခုခံကာကွယ်ရေးအတွက် ဦးတည်တုံ့ပြန်ဆောင်ရွက်လာသည့်အခါ တွင်မူ မြန်မာ့တပ်မတော်မှ ကချင်ပြည်နယ်အတွင်း ကချင်လူမျိုးများအား လူမျိုးတုံးသတ်ဖြတ်မှု (Ethimic Cleansing) လုပ်နေသည်ဟု လီဆယ်လုပ်ကြံဝါဒဖြန့်မှုများအား နည်းလမ်းမျိုးစုံဖြင့်ပြုလုပ် လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ဖြစ်ရပ်မှန်အနေဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထား သည့် မြန်မာ့တပ်မတော်မှ ကချင်ပြည်နယ်အတွင်း လက်နက်ကိုင်သောင်းကျန်းဆူပူနေသည့် (KIA) ကချင်လက်နက်ကိုင်အဖွဲ့အစည်းအား မလွှဲမရှောင်သာ အကန့်အသတ်ဖြင့် ခုခံကာကွယ်တိုက်ခိုက် နေရခြင်းသာဖြစ်ပေသည်။ တစ်နည်းဆိုသော် ဒို့တာဝန်အရေးသုံးပါးနှင့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အား လုံခြုံစိတ်ချစွာကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိနေသည့် တပ်မတော် အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးအပ်ထားသည့် တာဝန် များနှင့်အညီ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းတာဝန်များကို ဦးလည်မသုန်ထမ်းရွက်နေ ခြင်းသာဖြစ်ကြောင်းလည်း တွေ့ရှိရပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရင်ကြားစေ့ရေးကို ရည်ရွယ်ရှေးရှုလျက် အခြား လက်နက်ကိုင်အဖွဲ့အစည်းများနည်းတူ (KIA)ကချင်လက်နက်ကိုင်အဖွဲ့ကိုလည်း ငြိမ်းချမ်းရေး ကမ်းလှမ်းဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း (KIA) ကချင်အဖွဲ့အနေဖြင့် ကျဉ်းမြောင်းသော လူမျိုးရေးစိတ်ဓာတ်အားအခြေခံ၍ မူမမှန်ကတိမတည်သော လုပ်ဆောင်မှုများအား ရှေးရှုလုပ်ဆောင် နေခြင်းကြောင့်သာ ကချင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိရေးအတွက် အလှမ်းဝေးနေဆဲသာဖြစ်ကြောင်း တွေ့ရှိရပါသည်။


 Myanmar Express 


1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်