Subscribe to our RSS Feed

KIA ရဲ့… အကြံကုန်ဂဠုန်ဆားချက်၊ စစ်နည်းဗျူဟာအသစ်စက်စက်အကြောင်း

From :  သာနောင်


တစ်နည်းမဟန်လို့ တစ်နည်းကြံတဲ့ KIA ရဲ့ ဉာဏ်နီ ဉာဏ်နက်တွေကို ခင်ဗျားတို့သိအောင် နည်းနည်းရှင်းပြချင် ပါတယ်။ ကျွန်တော် ကချင်တစ်ယောက်ပါ။ KIA ထဲမှာနှစ်ပေါင်း ၂၀ လောက်လုပ်ခဲ့တယ်။ ကျွန်တော့သား အရင်းခေါက်ခေါက်က KIA က ဗိုလ်ကြီး ဇော်တန်၊ တူတစ်ယောက်က ဗိုလ်လဆိုင်း၊ ပြီးခဲ့တဲ့ ၅ လ၊ ၆ လအတွင်း သူတို့နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ရန်သူကိုတိုက်ခိုက်ရင်းနဲ့ ကျဆုံးသွားခဲ့ကြတယ်။ သူတို့ဒီလိုမဖြစ်ခင် ကျွန်တော့သားနဲ့ အဆက်အသွယ်ရတယ်။ သူ့ဆီကသိရတဲ့ KIA ရဲ့ အခြေအနေကို ခင်ဗျားတို့သိအောင်ပြောရရင်*“အဖေ KIA ဟာ စစ်ပန်းနေပြီ။ ရာထူးမျှော်လင့်ချက်ရှိတဲ့ ခေါင်းဆောင်ပိုင်းကသာ အတင်းရှေ့တက်ဖို့ ဆော်သြနေပေမယ့် လှည့်ကြည့်ရင်နောက်မှာဘယ်သူမှမရှိဘူး။ အောက်ခြေအဖွဲ့တွေက ခါးချိနေပြီ။ တကယ်တော့ ခေါင်းဆောင်ကြီးတွေ (မျက်ကန်းမျိုးချစ်**တဇောက်ကန်း မိုက်ရူးရဲတွေ) ခိုင်းသမျှ လိုက်မလုပ်ချင်တဲ့သူတွေများနေပြီ။ ကိုယ့်အဖွဲ့တွေ စိတ်ဓာတ်တက်အောင်စစ်တပ်စခန်း ကို ရှိစုမဲ့စုအင်အားနဲ့ သွားတိုက်ပေမယ့်လည်း ကိုယ်ပဲခံခဲ့ရတာများတယ်။ အဓိကကတော့ မလုပ်ချင်ဘဲလုပ်နေရတဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ KIA တပ်မတော်မှာ လက်အောက်အဖွဲ့တွေဟာ စစ်တပ်ရှိတဲ့နေရာကို မသွားချင်တော့ဘူး။ ကိုယ့်ရွာပဲကိုယ်ပြန်ချင်နေကြတယ်။ ကျွန်တော်လည်း အဖေ့ဆီကို ပြန်လာချင်ပြီ”*လို့ပြောပြပါတယ်။ ကျွန်တော့်တူ လဆိုင်းဟာ ပြီးခဲ့တဲ့မတ်လတုန်းက ဂျာထဘက်မှာ ရန်သူကိုတိုက်ခိုက်ယင်း ရန်သူ့လက်နက်ကြီး ကြောင့် သေဆုံးခဲ့တယ်။ ကျွန်တော့သား ဇော်တန်ကတော့ ပန်ဝါဘက်က ရန်သူ့ BGF စခန်းကို စွန့်စွန့်စားစား တိုက်ရင်းနဲ့ သေဆုံးခဲ့ရတယ်။ သေတယ်ဆိုတာကလည်း သူတို့အဖွဲ့ထဲက ကျွန်တော်နဲ့ရင်းနှီးသူတွေ ပြန်ပြောပြလို့သာ သိရတာပါ။ ဘယ်နေရာမှာ မြေမြှပ်လိုက်သလဲ၊ မြေမြှပ်ပေးဖို့ရော အချိန်ရခဲ့ရဲ့လား။ လမ်းဘေးမှာ ဒါမှမဟုတ် တောထဲမှာဒီအတိုင်း ပစ်ထားခဲ့ရတာလား၊ အခုချိန်ထိသဲသဲကွဲကွဲ မသိရပါဘူး။ဒါပေမယ့် အခုတော့ ထူးထူးဆန်းဆန်း စစ်တပ်နဲ့ တိုက်ပွဲဖြစ်လို့ သေဆုံးသူတွေကို KIA ဗဟိုက ကြီးကျယ်တဲ့ ဆုတောင်းပွဲတွေလုပ်တယ်။ သတင်းတွေထုတ်ပြန်တယ်။ ဘယ်လိုဖြစ်ကုန်တာလဲ၊ KIA ဟောင်းကြီး ကျွန်တော်တောင် KIA ဗဟိုရဲ့ လုပ်ရပ်ကိုနားမလည်နိုင်တော့ဘူး။ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ညပိုင်းနန့်မော်နားမှာဖြစ်ခဲ့တဲ့ စစ်တပ်နဲ့ KIA တို့ရဲ့တိုက်ပွဲမှာ KIA ဘက်က လူ ၃၀ ကျော်ကျော်လောက် သေဆုံးခဲ့ပြီး ၄၀ နဲ့ ၅၀ ကြားလောက်ဒဏ်ရာရတယ်လို့ KIA ဗဟိုကပြောတယ်။ သေဆုံးသွားတဲ့သူတွေအတွက် ၀တ်ပြုဆုတောင်းပွဲကို လိုင်ဇာမှာ ၂၈ ရက်နေ့ကလုပ်ခဲ့တယ်။ ကျွန်တော်သိသလောက် အခုသေတဲ့သူတစ်ဝက်လောက်က ကိုယ့်မိုင်း လက်ထဲမှာတင်ကွဲလို့သေကုန်တာဖြစ်တယ်။ မကျွမ်းကျင်တဲ့ လူတွေကို အထက်ကအတင်း အကြပ်သွားထောင်ခိုင်းတာကိုး။ ဘယ်သူကမှ ဟုတ်တိပတ်တိ မိုင်းထောင်နည်း သင်ပေးထားတာလဲ မဟုတ်ဘူး။ ဒီတော့ လက်ထဲမှာပဲမိုင်းကွဲတယ်။ အနားမှာ စုပြုံနေတဲ့သူတွေ အကုန်ထိတယ်။ တကယ်တော့ အဲ့ဒီစုပြုံနေတဲ့သူတွေကလည်း ဘာစစ်ပညာမှမတတ်ဘဲ သေနက်ထဲကကျည်ဆန်ထွက်အောင် လက်ညှိုးကွေးတတ်ရုံ တစ်ပတ်လောက် လက်ပူတိုက်သင် ထားတာဖြစ်တယ်။ မိုင်းထောင်နေတာကို ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတယ် ပေါ့ဗျာ။ အဲဒီတော့ ကျော်မကောင်းကြားမကောင်း မဆန့်မပြဲသေခဲ့ကြရတယ်။ အလောင်းတောင် ကားနဲ့တိုက်ရတယ် ပြောတယ်။ စဉ်းစားသာကြည့်ကြတော့။ အဲ့ဒီအုပ်စုကိုခေါင်းဆောင်တဲ့သူက ဗိုလ်ကြီး ဘရန်နန်၊ သူလဲသေတဲ့လူစာရင်း ထဲမှာပါခဲ့တယ်။ ကားပေါ်အလောင်းတွေတင်တော့ သူ့အလောင်းက အပေါ်ဆုံးကပဲတဲ့။ဒီလို KIA အတွက် ဘာမှစွန့်စွန့်စားစားလုပ်ခဲ့တာမဟုတ်ဘဲသေသွားသူတွေအတွက်ကျတော့ ကြီးကြီး ကျယ်ကျယ်နဲ့ ဆုတောင်းပွဲတို့၊ ငြိမ်သက်တာတို့လုပ်ကြ၊ ကချင်ပုဆိုးတွေကိုယ်စီဝတ်ကြ၊ KIA လူကြီးတွေကိုယ်တိုင် တက်ရောက်ကြ။ သတင်းတွေထုတ်ပြန်ကြနဲ့။ တကယ်ဆို ကျွန်တော့ရဲ့တူ၊ သားတွေက သူတို့ထက် အဆတစ်ထောင် လောက် စွန်းစားခဲ့ရတာဗျ။ အဲဒီလိုဖြစ်တုန်းက ခင်ဗျားတို့ KIA လူကြီးတွေ ဘာဆုတောင်းပွဲမှ မလုပ်ခဲ့သလို ဘယ်KIA ခေါင်းဆောင်တစ်ဦးမှလည်း ၀မ်းနည်းကြောင်းမဟခဲ့ကြပါဘူး။ ကျွန်တော့တူတွေ၊ သားတွေကို ဘယ်မှာ မြှပ်ပစ်ခဲ့ကြလဲ။ ဘယ်မှာထားရစ်ခဲ့ကြလဲ၊ လမ်းမှာပဲ ကျားစားလို့ကုန်ခဲ့ပြီလား… ခင်ဗျားတို့ ကိုယ်ချင်းစာနိုင်ကြရဲ့လား။လိုင်ဇာမှာလုပ်ခဲ့တဲ့ သေဆုံးသူတွေအတွက်ဆုတောင်းပွဲကိစ္စကို ပြန်စဉ်းစားကြည့်ရင် ဒါဟာ KIA လူကြီးတွေရဲ့ နည်းဗျူဟာအပြောင်းအလဲလို့ဆိုရမယ်။ KIA ထဲမှာ နှစ်ပေါင်းများစွာနေလာခဲ့သူ ကျွန်တော့ အတွက် KIA ရဲ့ခြေလှမ်းကို မှန်းဆနိုင်တယ်။ အခုဟာက တိုက်ပွဲတွေကြာလာတာနဲ့အမျှ ကချင်တွေရော၊ ရှမ်းတွေရော၊ ဗမာတွေရော၊ KIA ကို လက်မခံတော့ဘူး။ *ငြိမ်းချမ်းရေးလုပ်ပြီး ကိုယ့်ပြည်နယ် တည်ဆောက်ရမယ့် ကိစ္စမှာ ကိုယ့်ပြည်နယ်ကိုယ်ဖျက်ပြီး စစ်တိုက်နေတာ ဘယ်သူကထောက်ခံ မှာလဲဗျာ။*ကချင်ပြည်နယ်ထဲကလူတွေက သူတို့တောင်းတာလဲမပေးချင်တော့ဘူး၊ သူတို့ခိုင်းတာလဲ မလုပ်ချင်တော့ဘူး၊ ပြောရရင်သူတို့ကိုအီနေပြီ၊ စိတ်ကုန်နေပြီ၊ ဒါကြောင့် KIA က တစ်မျိုး ထွင်လာခဲ့တာပါပဲ။ဆိုလိုတာက ကချင်လူမျိုးရေးစိတ်ဓါတ်ကို လှုံ့ဆော်ပေးနေတာဖြစ်ပါတယ်။ ဒို့လူမျိုးတွေသေကုန်ပြီ ဒီလိုသေအောင်လုပ်တဲ့ စစ်တပ်ကို တို့ပြန်တိုက်မယ်။ လာကြ၊ ငါတို့ကို ထောက်ခံပေးကြ၊ ငါတို့နဲ့ လာပေါင်းကြ၊ လူကြီးလူငယ် ကလေးသူငယ်၊ ကျား၊ မ၊ မရွေး KIA ထဲဝင်ကြ။ စုပေါင်းပြီး အသေခံကြ ဆိုတဲ့သဘောပါပဲ။ ခင်ဗျားတို့ ရှင်းအောင်ပြောရရင် သူတို့အာဏာတည်မြဲရေးအတွက် လူမျိုးရေးကို ခုတုံးလုပ်တဲ့ အကြံအစည်ပါပဲ၊ အင်မတန် ပက်စက်တဲ့အကြံအစည်ပေါ့ဗျာ။ သူတို့သေရုံတင်အားမရလို့ ကချင်အားလုံးသေအောင် ဆွဲခေါ်နေတာပါကလား။ ဒီမယ်…*ခင်ဗျားတို့စလို့ဖြစ်တဲ့စစ် ခင်ဗျားတို့ဘာသာ ဆုံးအောင်ပဲတိုက်တိုက်၊ ရှုံးအောင်ပဲတိုက်တိုက် လူမျိုးရေး၊ အမျိုးသားရေးပုံစံဖြစ်အောင်တော့ မလှည့်စားနဲ့။ ကျုပ်တို့က ကချင်လူမျိုးတွေ၊ တစ်လမ်းမောင်းသွားနေတဲ့ ဘဲအုပ်လို ရှေ့ကတစ်ကောင်ခုန်ချတာနဲ့ နောက်ကလိုက်ပြီး တဖုတ်ဖုတ်နဲ့ ချောက်ထဲခုန်ချမယ့်ဘဲတွေမဟုတ်ဘူး။ ခင်ဗျားတို့ KIA ခေါင်းဆောင်တွေ အာဏာတည်မြဲဖို့အတွက် ဒါအမျိုးသားရေးဟေ့ဆိုပြီး ကချင်တွေအားလုံး ရှေ့ထွက်လာမယ်လို့များ မျှော်လင့်ထားတာလား။ ဝေးသေးတယ်။*အခုဟာက လူမျိုးရေးကိစ္စလည်းမဟုတ်ဘူး၊ ဘာသာရေးကိစ္စလည်းမဟုတ်ဘူး။ ၀မ်ပေါင်နိုင်ငံထူထောင်ပြီး ၀မ်ပေါင်နိုင်ငံရဲ့သမ္မတလုပ်ချင်တဲ့ KIA အာဏာရူးလူတစ်စုရဲ့အိပ်မက်ကြောင့် ကျုပ်တို့တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်နေရတာဖြစ်တယ်။ အဲဒီတော့ *KIA ရဲ့ အကြံကုန်ဂဠုန်ဆားချက် စစ်နည်းဗျူဟာအသစ်စက်စက်အကြောင်း*လူတကာသိအောင် ကျုပ်KIA အဖွဲ့ဝင်ဟောင်းကြီးက ဖောက်သည်ချလိုက်ပါတယ်။ ခင်ဗျားတို့ KIA ခေါင်းဆောင် ၄/၅/ ၆ ယောက်လောက်အတွက်နဲ့တော့ ကချင်ပြည်နယ်ထဲက ကျုပ်တို့တိုင်းရင်းသားတွေရဲ့ဘ၀တွေနဲ့ လဲပစ်ဖို့မတန်ပါ ဘူးဗျာ။ အမျိုးသားရေးစစ်ပွဲတစ်ခုဖန်တီးပြီး ကချင်ပြည်သူတွေရဲ့အလောင်းကိုဆင့်ရင်း ၀မ်ပေါင်အလံကိုစိုက်ချင်တယ် ဆိုရင်တော့ဖြင့် ခင်ဗျားတို့ရဲ့ တစ်ပွဲတိုးနည်းဗျူဟာက မဟန်လှသေးပါဘူးဗျာ။ သိပ်ပြီးဖြစ်ချင်လှတယ်ဆိုရင် ကျုပ်အကြံပေးချင်တာက ခင်ဗျားတို့ KIA ခေါင်းဆောင် ၄/၅/၆ ယောက်နဲ့ပဲ ကမ္ဘာ့လူဦးရေအနည်းဆုံး ၀မ်ပေါင်နိုင်ငံကို နယ်စပ်ကျောက်တိုင်ဘေးမှာ တည်ထောင်လိုက်ကြပါ။ အကျယ်အ၀န်းက ၂၄ စတုရန်းပေပေါ့ဗျာ… 


Myanmar Express 


1 comments:

ကချင်ပြည်ကြိးငြိမ်းချမ်ရေး

ငါတို့လွမြောက်ရေး

တစ်မျိုးသားလုံးကျောမွဲရေးပေါ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်