Subscribe to our RSS Feed

တောင်ငူ ဗုံးပေါက်ကွဲမှု ၂ ဦး သေ၊ ၁ ဦး ဒဏ်ရာရ

From : ..dvb


အောက်တိုဘာ ၁၁ ရက်နေ့ ညပိုင်းက ပဲခူးတိုင်း တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်းမှာ ဗုံးပေါက်ကွဲမှု ၁ ခု ဖြစ်ပွားပြီး လူ ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

ညောင်လေးပင်မြို့ကနေ လာရောက် တည်းခိုနေကြတဲ့ အမျိုးသမီး ၂ ဦး အခန်းမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ တည်းခိုခန်းကို သွားရောက် သတင်းရယူခဲ့တဲ့ တောင်ငူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးသီဟစိုး ပြောပြတာက “ည ၈ နာရီခွဲလောက်မှာ မယုခိုင်နဲ့ မငြိမ်းငြိမ်းအေးတို့ တည်းခိုခန်းကို ၀င်လာပါတယ်။ နေမျိုးကျော်က ဘေးကနေပတ်ပြီးတက်သွားတယ်။ မငြိမ်းငြိမ်းအေးရယ် မယုခိုင်ရယ်က အခန်းသော့တောင်းပြီး တက်သွားတယ်။ ၈ နာရီ ၅၀ လောက်မှာ ဗုံးကွဲတဲ့ အသံကြားပြီး မငြိမ်းငြိမ်းအေးက အောက်ကို ပြေးဆင်းလာတယ်။ ပြေးဆင်းလာတော့ မန်နေဂျာတို့ ဘာတို့ အကုန်လုံးကလည်း ကြောက်ပြီး အပြင်လမ်းမကို ထွက်ပြေးကြတယ်။ အဲဒီအသံကြားလို့ ရဲစခန်းနဲ့လည်းနီးတော့ ချက်ခြင်းပဲ ရောက်လာတယ်။ အပေါ်တက်ကြည့်တော့မှ သေတဲ့သူနဲ့ ဒဏ်ရာရသူတွေကိုတွေ့တယ်။ ဗုံးကွဲကွဲပြီးချင်းသေတာက ရထားတပ်ဖွဲ့ တပ်ခွဲ ၁၀ က ရဲတပ်သား နေမျိုးကျော် မယုခိုင်က ဆေးရုံရောက်ပြီး ၁၁ နာရီ ၂၀ ကျမှ ဆုံးသွားတယ်။”

ဆေးရုံရောက်မှ ဆုံးသွားတဲ့ ဒေါ်ယုခိုင်ရဲ့ ပြောပြချက်အရ အခန်းထဲမှာ ရှိနေတဲ့ ပိုက်ဆံအိတ်တခုကို နေမျိုးကျော်က ဘယ်သူ့ဟာလဲလို့ မေးပြီး ဆွဲဖွင့်လိုက်တုန်း ပေါက်ကွဲခဲ့တာဖြစ်တယ်လို့လဲ ပြောပါ တယ်။

တောင်ငူမြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းကြည့်တော့ တာဝန်ကျအရာရှိက ဗုံးပေါက်ကွဲမှု ဖြစ်စဉ် မှန်ကန်ကြောင်းပြောပြီး ပေါက်ကွဲစေတတ်သော အရာဝတ္တုများ အက်ဥပဒေပုဒ်မ ၃နဲ့ အမှုဖွင့် စုံစမ်း စစ်ဆေးနေတယ်လို့ ပြောပါတယ်။

တောင်ငူမှာ အခုလို ဗုံးပေါက်ကွဲမှု မဖြစ်ပွားခင် ရက်ပိုင်းအတွင်းမှာပဲ ဖြူးမြို့မှာ မသင်္ကာဖွယ် ပစ္စည်းတမျိုး ခရီးသည်တင်ကားပေါ်က တွေ့ရှိပြီး သက်ဆိုင်ရာက ကြိုတင် ရှင်းလင်းနိုင်ခဲ့ပါတယ်။ အဲဒီ ခရီးသည်တင်ကားဟာလဲ ညောင်လေးပင်မြို့က စတင်ထွက်ခွာခဲ့တဲ့ ကား ဖြစ်ပါတယ်။ 


.. www.MyanmarExpress.net
 

1 comments:

ပိုက်ဆံအိပ်က အမျိုးသမီး နှစ်ဦးတည်းက တဦးဟာလား..သို့မဟုတ်ရင် မတိုင်မှီ ထွက်သွားသူတဦးဦးမှ ရည်ရွယ်ချက်ရှိရှိ ထားသွားခြင်းဖြစ်နိုင်သဖြင့် တည်းခိုခန်း ရှိ သူတို့ မတိုင်မှီ ၀င်/ထွက်စာရင်းကိုပါ တိုက်ဆိုင်စစ်ဆေးရန်လိုအပ်မည် ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်