Subscribe to our RSS Feed

အာဆီယံထိပ်သီး ဆွေးနွေးပွဲ ကာလအတွင်း သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်၊ တရုတ်၊ တောင်ကိုရီးယား အပါအ၀င် နိုင်ငံရှစ်နိုင်ငံမှ ခေါင်းဆောင်များ သီးခြားစီတွေ့ဆုံ

From : ..eleven


(၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများ ကာလအတွင်း မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်၊ တရုတ်၊ တောင်ကိုရီးယား အပါအ၀င် နိုင်ငံရှစ်နိုင်ငံမှ ခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံ ခဲ့ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၉ ရက်တွင် ဗီယက်နမ် ၀န်ကြီးချုပ် ငုယင်တန်ဇွန်း၊ တရုတ်ဝန်ကြီးချုပ် လီခကျန်း၊ တောင်ကိုရီးယား သမ္မတ ပက်ဂွန်ဟေး၊ သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ် တိုနီအဘော့တို့နှင့် အာဆီယံထိပ်သီး ဆွေးနွေးပွဲ ကျင်းပရာ ဘရူနိုင်းနိုင်ငံရှိ International Convention Center(ICC) ၌ တွေ့ဆုံခဲ့သည်။

အောက်တိုဘာ ၁၀ ရက်တွင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လပ်ရှင်နာဝပ်နှင့် ဘရူနိုင်း အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၊ နယူးဇီလန် ၀န်ကြီးချုပ် ဂျွန်ကီး၊ ဘရူနိုင်းဘုရင် ဆူလတန် ဟာဂျီဟာဆန်နယ်လ် ဘိုကီးယား မူအစ်ဇာဒင်ဝါဒူလာတို့နှင့် ICC ၌ပင် သီးခြားစီ တွေ့ဆုံခဲ့သည်။ အောက်တိုဘာ ၉ ရက် က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလဗ်ရော့တို့ သီးခြားတွေ့ဆုံခဲ့ပြီး မည်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို မသိရပေ။ အောက်တိုဘာ ၁၁ ရက်တွင် သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့ ဘရူနိုင်းအစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံပြီး တစ်နာရီကျော်ကြာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

''များသောအားဖြင့်က အများစုကတော့ သမ္မတကြီး လုပ်ဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုတွေကို သူတို့ထောက်ခံတဲ့ အကြောင်း ပြောတာပေါ့။ နောက်ပြီး အာဆီယံ ဥက္ကဋ္ဌရာထူးကို မြန်မာနိုင်ငံက တာဝန်ယူတဲ့ အချိန်မှာ ဘာတွေဆက်ပြီး ပူးပေါင်း လုပ်ဆောင်မလဲ။ ဆိုလိုတာက မြန်မာအနေနဲ့ နောက်တစ်ခါ အာဆီယံ အနေနဲ့ပေါ့။ ဒါမျိုးကို ပြောတာ များပါတယ်'' ဟု သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ထို့အပြင် ဆွေးနွေးမှုများ၌ ရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီပေးရေး ဆိုင်ရာ ကိစ္စရပ်များအတွက် လက်မှတ်ရေးထိုး ခဲ့ခြင်းများ မရှိကြောင်း သိရသည်။

''လက်မှတ်ရေးထိုးတာမျိုး မရှိပါဘူး။ သို့သော် ဘာပဲပြောပြော အနာဂတ် ပူးပေါင်းဆောင်ရွက်မှု အတွက်ပေါ့။ ဘယ်သူနဲ့ပဲတွေ့တွေ့ ဆက်ဆံရေး တိုးမြှင့်မယ်။ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အလားအလာတွေကို ဆွေးနွေးကြတာပေါ့'' ဟု ဦးရဲထွဋ်က ဆိုသည်။

မြန်မာနိုင်ငံ အနေဖြင့် ယခင်က ပြုလုပ်ခဲ့သော အာဆီယံ ထိပ်သီးဆွေးနွေးပွဲများတွင် အခြားနိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ကမ်းလှမ်းခဲ့ရပြီး တစ်ဖက်မှ လက်ခံမှ တွေ့ဆုံခွင့် ရခဲ့ကြောင်း၊ ယခုနှစ်တွင်မူ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်နှင့် တိုက်ဆိုင်နေသည့် အတွက် မြန်မာသမ္မတနှင့် တွေ့ဆုံရန် အခြားနိုင်ငံများမှ ကမ်းလှမ်းမှုများ ရှိလာသည့်အတွက် ယခုကဲ့သို့ ဆက်တိုက် တွေ့ဆုံခဲ့ရခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ဘရူနိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

(နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နယူးဇီလန် ၀န်ကြီးချုပ် ဂျွန်ကီးတို့ ဘရူနိုင်းနိုင်ငံတွင် အောက်တိုဘာ ၁၀ ရက်က တွေ့ဆုံ ဆွေးနွေးစဉ်)


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်