ရထားပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ကညန) ကနေ ဇွန် (၁၅) ရက်နေ့က ယာဉ်အိုဟောင်းလဲလှယ်ရေး အစီအစဉ် အပြင် ယာဉ်တင်သွင်းမှုနဲ့ ပတ်သက်ပြီး အခွန်ကောက်ခံမှု ကြေညာချက် တစ်ခုထုတ်ပြန် သွားပါတယ်။
အဲဒီကြေညာချက်မှာ ယာဉ်အိုဟောင်း လဲလှယ်ရေး အစီအစဉ်အရ “ပ” အက္ခရာအထိ ကားစီးရေ ၅၀၀၀၀ ကျော်ရှိရာမှာ ၄၉၀၀၀ ကျော်ကို လဲလှယ်ပေးပြီးကြောင်းနဲ့ “ဘ” အက္ခရာကိုတော့ နှစ်စဉ် မှတ်ပုံတင်သက်တမ်းကြေးနှစ် ၂၀ ပြည့် ယာဉ်များကို လဲလှယ်မယ် ဆိုရင် (ကညန)အခွန်ကို ယာဉ်ဆိပ်တမ်းအရောက် တန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်း လျော့ချပေး မယ်လို့ဆိုပါတယ်။
ဒါ့အပြင် ယာဉ်အိုဟောင်း လဲလှယ်ရေးအစီအစဉ်မှာ မပါဝင်သေးတဲ့ အငှားတက္ကစီယာဉ်ဖြစ်ပါက အစားထိုးတင်သွင်းမယ့် ယာဉ်ကို တက္ကစီအဖြစ် အသုံးပြုမယ်ဆိုရင် ၈၀ ရာခိုင်နှုန်း လျော့ပေးမှာဖြစ်ပြီး၊ အဲဒီလိုပဲ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများရဲ့ လိုအပ်ချက်အရ အငှားတက္ကစီယာဉ် တင်သွင်းခွင့်ပြုပြီး ယာဉ်များကို နံပါတ်အနက်ရောင် မပြောင်း၊ ရောင်းချမှုကန့်သတ်ချက်နဲ့ တင်သွင်းခဲ့ရင်တော့ ၅၀ ရာခိုင်နှုန်း လျော့ချပေးမယ်လို့ ပြောပါတယ်။
ထိုသို့ဆောင်ရွက်ရာမှာ ယာဉ်အိုယာဉ်ဟောင်း လဲလှယ်ရေး အစီအစဉ်မှာ မပါဝင်တဲ့ အက္ခရာမြင့် တပ်မတော် လေလံကားများ၊ အစိုးရ လေလံကားများကိုတော့ ပိုင်ရှင်များရဲ့ ဆန္ဒအရ လဲလှယ်လိုပါက (ကညန) ခွန် ၆၀ ရာခိုင်နှုန်း လျော့ပေးမှာပါ၊ လူနာတင်ယာဉ်များ ကိုတော့ အခကြေးငွေယူပြီး သယ်ယူပို့ဆောင်တာဖြစ်လို့ မှတ်ပုံတင်ခွန် ၁၀ ရာခိုင်နှုန်းနဲ့ နိဗ္ဗာန်ယာဉ်များကိုတော့ မှတ်ပုံတင် ကင်းလွတ်ခွင့်ပြုပြီး၊ ယာဉ်ပါအက္ခရာကို “နိဗ္ဗာန်” ဆိုတဲ့ အက္ခရာနဲ့သာ ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်