နော်ဝေနိုင်ငံတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုဖြင့် အန်ဒါဘရေဗစ်ကို အမှုစစ်ဆေးနေစဉ် တရားသူကြီးငါးဦးအနက် တစ်ဦးသည် သူ၏ ကွန်ပျူတာလက်တော့ပ်၌ Solitaireဟုခေါ်သော ကွန်ပျူတာဖဲရိုက်ကစားနည်းကို ကစားနေသည်အား ရိုက်ကူးရရှိခဲ့ကြောင်း DMသတင်းဌာနက ဇွန်လ၄ ရက်နေ့တွင် ဖော်ပြသည်။ ဘရေဗစ်၏အမှုနှင့် ပတ်သက်၍ ဆွီဒင်ပါမောက္ခတစ်ဦးက သက်သေထွက်ဆိုနေချိန်၌ တရားသူကြီး အန်းနက်စ် ဟန်နင်းအာလ်ဆန်သည် အာရုံစိုက် နားထောင်ရမည့်အစား ဖဲကစားနေသည်ကို တွေ့မြင်ရခြင်းဖြစ်သည်။ လွန်ခဲ့သည့်နှစ်က နော်ဝေနိုင်ငံ၏ နှစ်နေရာတွင် ဘရေဗစ် (၃၃နှစ်) သည်လူပေါင်း ၇၇ဦးကို သတ်ဖြတ်ခဲ့ရာ ယခုဖဲကစားနေသည့် တရားသူကြီး၏ ပုံမှာသေဆုံးခဲ့သူတို့၏ ဆွေမျိုးများအား ဒေါသထွက်စရာဖြစ်စေ သည်ဟုဆိုသည်။
သို့သော် အော်စလိုတရားရုံးမှ ပြောရေးဆိုခွင့်ရှိသူက မစ္စတာအာလ်ဆန်သည် အမှုကို အသေအချာအာရုံစိုက် နားထောင်နေပါသည်ဟု အခိုင်အမာပြောကြားခဲ့သည်။ ဘရေဗစ်သည် နော်ဝေနိုင်ငံမြို့တော် အော်စလိုရှိ အစိုးရအဆောက်အအုံတစ်ခုအား ဗုံးခွဲတိုက်ခိုက်ခဲ့ရာ၌ လူရှစ်ဦးသေဆုံးခဲ့ပြီး ယူတိုယာကျွန်းရှိ လူငယ်အပန်းဖြေစခန်းတစ်ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ၌ ဆယ်ကျော်သက်အရွယ် ၆၉ဦး သေဆုံးခဲ့ရသည်။ ဘရေဗစ်က ပြစ်မှုအတွက်ဝန်ခံခဲ့ပြီးဖြစ်ရာ သူသည် ရူးသွပ်နေသူတစ်ဦး ဟုတ်မဟုတ် ဆုံးဖြတ်ရန်အတွက် အမှုကို စစ်ဆေးနေရပြီး သီတင်း၁၀ပတ်ခန့် ကြာမည်ဟု ခန့်မှန်းထားရာ ယခုအခါ သီတင်း ခုနစ်ပတ်ကြာခဲ့ပြီဖြစ်သည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်