Subscribe to our RSS Feed

မောင်တောမြို့နယ်အတွင်းမီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသောမီးလောင်နေရာများအား ပြန်လည်ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


From : ခေတ်လူငယ်


မောင်တောမြို့နယ်အတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရသော မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ တိုင်းရင်းသားကျေးရွာများ၏ မီးလောင်နေရာများအားပြန်လည် ရှင်းလင်းရေးလုပ်ငန်းများကို ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ တပ်မတော်သားများ၊ နယ်စပ်ဒေသလူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ မောင်တောမြို့နယ်အတွင်း ကယ်ဆယ်ရေးစခန်း ၇ ခု၊ ဘူးသီးတောင်မြို့နယ်အတွင်း ကယ်ဆယ်ရေးစခန်း ၁ ခုဖွင့်လှစ်ထားရှိရာ စခန်းများရှိ မိသားစုဝင်များအတွက် ထောက်ပံ့ပေးလာသော ကယ်ဆယ်ရေးပစ္စည်းများ၊ စောင်၊ အဝတ်အထည်၊ ဒန်အိုး၊ ဆေးဝါး၊ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငရုတ်နှင့် အခြားအသုံးအဆောင် ပစ္စည်းများအပြင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တစ်အိမ်ထောင်လျှင် ကျပ်သုံးသောင်း (၃၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ငွေများကိုလည်းပေးအပ်ခဲ့သည်။ ယခုအခါ မောင်တောမြို့နယ်နှင့် ဘူသီးတောင်မြို့နယ်များတွင် တည်ငြိမ်အေးချမ်းမှု ရှိလာပြီဖြစ်၍ ကယ်ဆယ်ရေးစခန်း အသီးသီးသို့ တိမ်းရှောင်ရောက်ရှိနေကြသော ကျေးရွာများအနက် မိမိတို့၏ကျေးရွာ မီးရှို့ဖျက်ဆီးခြင်း မခံရဘဲ တိမ်းရှောင်လာသော ကျေးရွာများဖြစ်သည့် ငွေတောင်ကျေးရွာ၊ မကျည်းကုန်းကျေးရွာ၊ သာယာကုန်း ကျေးရွာ၊ ဝေသာလီကျေးရွာ၊ ကန်သာယာ(အထက်) ကျေးရွာ၊ ကန်ပြင်သာ စည်ကျေးရွာ၊ အောင်သာယာကျေးရွာ၊ အောင်သပြေကျေးရွာ၊ ဥဒေါင်း (နတလ) ကျေးရွာနှင့် တိုက်ကြီး (နတလ) ကျေးရွာများရှိ အိမ်ထောင်စု ၂၇၇ စု၊ မိသားစုဝင် ၁၂၁၅၅ ဦးတို့အား ၎င်းတို့၏ နေရပ်ကျေးရွာများသို့ ပြန်လည်ပို့ဆောင်ရာတွင် တပ်မတော်သားများက ကူညီစောင့်ရှောက်၍ နေရပ်အသီးသီးသို့အရောက် ဘေးကင်းစွာ ပို့ဆောင်ပေးခဲ့သည်။ နေရပ်ပြန်ရန် ကျန်ရှိနေသော ကယ်ဆယ်ရေးစခန်းရှိ မိသားစုဝင်များကိုလည်း တာဝန်ရှိသူများမှ လူဦးရေ စာရင်းဇယားများကို စနစ်တကျကောက်ခံ ဆောင်ရွက်ထားလျက်ရှိကြောင်း၊ ၎င်း၏ မိသားစုဝင်များမှလည်း မကြာမီအချိန်အတွင်း မိမိနေရပ်ကျေးရွာ၊ ရပ်ကွက်များသို့ ပြန်လည် ပြောင်းရွှေ့ရန် စီစဉ်နေလျက်ရှိကြောင်း သိရှိရသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်