From : ခေတ်လူငယ်
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး တတိယနေ့ကို ဇူလိုင် ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စု လွှတ်တော်ခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေး၌ သံတမန်ဆက်သွယ်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မြင့်က မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပေါင်း (၃၄) နိုင်ငံတွင် သံရုံးများ ဖွင့်လှစ်ထားရှိပြီး အဖွဲ့ရုံး (၃) ရုံး၊ ကောင်စစ်ဝန်ရုံး (၃) ရုံး၊ ပူးတွဲတာဝန်ယူသည့်ရုံး (၃၇) ရုံး စုစုပေါင်း (၇၁) နိုင်ငံနှင့် သံတမန် အဆက်အသွယ် ပြုလုပ်ခြင်း၊ သံအမတ် ခန့်အပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ သံတမန် ဆက်သွယ်မှုကိုမူ နိုင်ငံပေါင်း (၁၀၃) နိုင်ငံနှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့တင်ပြသည့် နိုင်ငံ (၈) နိုင်ငံဖြစ်သည့်အတွက် စုစုပေါင်း (၁၁၁) နိုင်ငံရှိလာမည် ဖြစ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ တင်ပြချက်အရ ကုလသသမဂ္ဂ အဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၃) နိုင်ငံ ဖြစ်သည့်အတွက် ကျန်ရှိသည့် နိုင်ငံများနှင့်လည်း သံတမန် ဆက်သွယ်မှု တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ဆက်လက်၍ ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သံတမန် ဆက်သွယ်မှု ထူထောင်ခြင်းဖြင့် နှစ်နိုင်ငံချင်းနှင့် အပြည်ပြည်ဆိုင်ရာ နယ်ပယ်တွင် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရာ၌ ပိုမိုတိုးတက်အောင်မြင်မည့် အကျိုးကျေးဇူးများရရှိနိုင်မည် ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။ ဘော့စ်နီးယားနှင့် ဟာဇီဂိုးဗီးနားနိုင်ငံ၊ မာလာဝီသမ္မတနိုင်ငံ၊ ဘူတန်နိုင်ငံ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ၊ လူဇင်းဘတ်နိုင်ငံ၊ လတ်ဗီးယားနိုင်ငံ၊ အက်စ်တိုးနီးယား သမ္မတနိုင်ငံ၊ ဒိုမီနီကန် သမ္မတနိုင်ငံနှင့် သံတမန်ဆက်သွယ်ရန် နိုင်ငံတော်သမ္မတ၏ တင်ပြချက်ကို လွှတ်တော်က သဘောတူကြောင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို နိုင်ငံတော်သမ္မတထံ ပေးပို့မည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်