Fromး ခေတ်လူငယ်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်သည် (၄၅)နှစ်မြောက် အာဆီယံနေ့ အခမ်းအနားသို့ သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။ အဆိုပါ သဝဏ်လွှာတွင် “သြဂုတ်လ ၈ ရက်နေ့သည် အာဆီယံ အဖွဲ့ကြီး ထူထောင်သည့် (၄၅)နှစ်မြောက် အခါသမယ ဖြစ်ပါသည်။ အာဆီယံ၏ ရရှိခဲ့သော အောင်မြင်မှုများအတွက် ချီးကျူးဂုဏ်ပြုပြီး အာဆီယံ၏ မျှော်မှန်းချက်နှင့်အညီ အေးချမ်းတည်ငြိမ်၍ သာယာဝပြော သဟဇာတမျှတသော အာဆီယံ အသိုက်အဝန်းကို တည်ဆောက်နိုင်ပါစေဟု ဆုမွန်းကောင်းတောင်းပါကြောင်း၊ ၂၀၁၂ ခုနှစ်သည် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ကြီးသို့ ဝင်ရောက်ခဲ့သည့် (၁၅)နှစ်မြောက် မင်္ဂလာ အခါသမယလည်း ဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ကြီးအနေဖြင့် ၁၉၆၇ ခုနှစ်တွင် ဗန်ကောက်ကြေညာစာတမ်းဖြင့် ထူထောင်ခဲ့ရာ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်သည့် အလွတ်သဘော ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်အဖြစ်မှ အာဆီယံပဋိညာဉ်စာတမ်းအရ စည်းမျဉ်းစည်းကမ်းကို အခြေခံသည့် အဖွဲ့အစည်းတစ်ခုအဖြစ် အသွင်ပြောင်းလဲခဲ့ပြီး တစ်စုတစ်စည်းတည်း ပေါင်းစည်းမှုရှိသော အသိုက်အဝန်းအဖြစ် တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ခဲ့ရာ ၂၀၁၂ ခုနှစ်တွင် “တစ်ခုတည်းသော ရည်မှန်းချက်၊ တစ်ခုတည်းသော လက္ခဏာ၊ တစ်ခုတည်းသော အသိုက်အဝန်း” ဟူသည့် ဆောင်ပုဒ်နှင့်အညီ စုစည်းမှုရှိသည့် အာဆီယံ အသိုက်အဝန်း တစ်ခုအဖြစ် ပေါ်ထွန်းလာတော့မည်ဖြစ်ပေသည်။ အာဆီယံ အသိုက်အ၀န်း ထူထောင်မှုတွင် ကဏ္ဍစုံမှ တိုးတက်လျက်ရှိပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ခံစားရသည့် ကမ္ဘာပေါ်တွင် စုစည်းမှုရှိ၍ စီးပွားရေးအားဖြင့် ရှင်သန်ကြီးထွားမှု အရှိဆုံး ဒေသဆိုင်ရာ အဖွဲ့ကြီးအဖြစ် အသိအမှတ်ပြုမှုကို ခံယူနေရလျက်ရှိသည့်အတွက် နှစ်ထောင်းအားရဖြစ်မိပေသည်။ အာဆီယံနိုင်ငံများ၏ လူမှု-ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ၀မ်းမြောက်ဖွယ်ဖြစ်ပါသည်။ အာဆီယံ၏ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံအားလုံးအပါအ၀င် ကမ္ဘာ့အင်အားကြီး နိုင်ငံအများစုမှ လေးစားလိုက်နာရသည့် နိုင်ငံတကာ ဆက်ဆံရေး၏ အခြေခံစံနှုန်းတစ်ရပ်အဖြစ် ပေါ်ထွန်းလာသည့်အတွက် အားရမိပေသည်။ အာဆီယံနိုင်ငံသားများ၏ အခြေခံလွတ်လပ်ခွင့်များကို မြှင့်တင်ပေးမည့် အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်းကြီးကိုလည်း မကြာမီ ပြဋ္ဌာန်းနိုင်တော့မည်ဖြစ်၍ များစွာ ကျေနပ်မိပေသည်။ ပြည်သူ့အခြေခံ အာဆီယံအသိုင်းအ၀န်း ထူထောင်မှုတွင် အာဆီယံပါလီမန်ဆိုင်ရာ ညီလာခံသည် အရေးပါသည့် အားလျော်စွာ ယင်းအဖွဲ့ကြီးက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်အား တင်းပြည့်အဖွဲ့ဝင်အဖြစ် ၂၀၁၁ ခုနှစ်က လက်ခံခဲ့ခြင်းကို များစွာ ကြိုဆိုဂုဏ်ယူအပ်ပါသည်။ ပွင့်လင်းအမြင်ကျယ်သည့် အာဆီယံဖြစ်ပေါ်စေရေနှင့် ပတ်သက်၍လည်း အားဆီယံအနေဖြင့် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပေသည်။ ဒေသဆိုင်ရာ အဖွဲ့အစည်းများသည် အာဆီယံကို ဗဟိုပြု၍ ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံတကာရေးရာများတွင် အာဆီယံအနေဖြင့် ပိုမိုအရေးပါလာခဲ့သည်ကို တွေ့ရသည်။ အာဆီယံအနေဖြင့် ထိရောက်သော ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်အဖြစ် ပေါ်လာမှုနှင့် အာဆီယံ၏ ဗဟိုအချက်အချာ ကျမှုကို ထိန်းသိမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပေသည်။ ယင်းသို့ တည်ဆောက်နိုင်ရန် (၁၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစ်ညးအဝေးမှ ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတကာ အသိုက်အ၀န်းအတွင်းမှ အာဆီယံအသိုက်အ၀န်းဟူသည့် တတိယဘာလီ ကြေညာချက်စာတမ်းကိုလည်း အပြည့်အ၀ အကောင်အထည်ဖော် သွားကြရမည်ဖြစ်သည်။ အာဆီယံအနေဖြင့် ယင်းသို့အောင်မြင်မှုများ ရရှိသည်နှင့်အညီ စိန်ခေါ်မှုများလည်း ရှိနေဆဲဖြစ်သည်ကို တွေ့ရသည်။ သို့ဖြစ်၍ အာဆီယံနိုင်ငံသား မြန်မာပြည်သူများအနေဖြင့် ဖွံ့ဖြိုးမှုကွာဟချက်များကို ကျဉ်းမြောင်းစေမည့် အာဆီယံပေါင်းစည်းမှုဆိုင်ရာ ကြိုးပမ်းမှု၊ အာဆီယံဆက်သွယ်ပေါင်းစည်းရေး စီမံချက်များကို အကောင်အထည်ဖော်ရေးအတွက် အကြိမ်(၂၀) မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှ ချမှတ်ခဲ့သည့် ဖနောင်ပင် ကြေညာစာတမ်းနှင့် ဖနောင်ပင်အစီအစဉ်များကို အပြည့်အဝ အကောင်အထည်ဖော်ခြင်းဖြင့် ဆောင်ရွက်သွားကြမည် ဖြစ်ပေသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် အာဆီယံပဋိညာဉ် စာတမ်းပါ အခြေခံမူများနှင့်အညီ ဒီမိုကရေစီအခြေခံများနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံကို အခြေခံသော အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာခဲ့ပြီဖြစ်သည်။ အနာဂတ်၏ ရည်မှန်းချက်ဖြစ်သည့် ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံတော်တစ်ရပ်အဖြစ် ကမ္ဘာ့အလယ်တွင် ပေါ်ထွန်းလာရေးကို ဦးတည်၍ ရှေ့သို့လျှောက်လှမ်းလျက်ရှိပေသည်။ ယင်းသို့ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းဖြစ်သည်သာမက အာဆီယံ၏ အခြေခံမူများနှင့်လည်း ကိုက်ညီမှုရှိသည်ကို တွေ့ရမည်ဖြစ်ပေသည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည့်အတွက် အာဆီယံမှ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အကျိုးကျေးဇူးများကို မျှဝေခံစားရသည့်နည်းတူ အာဆီယံအဖွဲ့ကြီး အဓွန့်ရှည်ရှင်သန်ရေးအတွက် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် တာဝန်ယူရမည့် အပိုင်းများလည်း ရှိနေပေသည်။ သို့အတွက်ကြောင့် အာဆီယံ၏ (၄၅) နှစ်မြောက် အထိမ်းအမှတ် အခါသမယတွင် အာဆီယံအဖွဲ့ဝင် တိုင်းရင်းသားပြည်သူအပေါင်းတို့အနေဖြင့် အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှုနှင့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ကိစ္စများတွင် အာဆီယံ၏ အချက်အချာကျမှုကို ဆက်လက်ထိန်းသိမ်းကြပါစို့။ အာဆီယံကို လူထုကို ဗဟိုပြုသည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ပေါ်ပေါက်လာရေးကို ကြိုးပမ်းဆောင်ရွက်ပေးကြပါစို့။ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ အာဆီယံအတွင်း ပိုမိုပီပြင်သည့် အခန်းကဏ္ဍမှ ပါဝင်လာနိုင်ရေး ကြိုးပမ်းသွားကြပါစို့။ ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံအနေဖြင့် အောင်မြင်စွာ ထမ်းဆောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်