Subscribe to our RSS Feed

နိုင်ငံခြားမှ အသစ်တင်သွင်းမည့် ကားများအားလုံး ပိုင်ရှင်ဆန္ဒရှိပါက အင်္ဂလိပ်အက္ခရာဖြင့် နံပါတ်ထုတ်ပေးမည်


From : Pyi Myanmar Journal

နိုင်ငံခြားမှ ကားမှာယူ တင်သွင်းသူများ အားလုံးကို ပိုင်ရှင်ဆန္ဒရှိပါက အင်္ဂလိပ်အက္ခရာ နံပါတ်များဖြင့် ထုတ်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၁-၈-၂၀၁၂ ရက်တွင် ပြောသည်။ ယခင်က ရန်ကုန်မြို့ရှိ ကားနံပါတ်များကို မြန်မာအက္ခရာ နံပါတ်များဖြင့် ထုတ်ပေးခဲ့ရာမှ ၂၀၁၂ ခုနှစ် ဇူလိုင်လမှ စတင်၍ နိုင်ငံခြားမှ တင်သွင်းလာသော taxi များကို အင်္ဂလိပ်အက္ခရာ (AA) နံပါတ် (1,2,3,4) ဖြင့် ထုတ်ပေးခဲ့ရာ ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှ တင်သွင်းသည့် ကားအစီး ၃၀ မှာ ပထမဆုံး အင်္ဂလိပ်အက္ခရာ နံပါတ်တပ် တက္ကစီများ ဖြစ်လာခဲ့ပြီး AA-1001 မှ နံပါတ်များ စတင်၍ ယခုအချိန်တွင် အင်္ဂလိပ်အက္ခရာ နံပါတ် 1400 ကျော် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

“အခုတော့ နံပါတ် 1400 ကျော်ပြီ။ အစီးရေ အတိအကျတော့ မသိသေးဘူး။ ကြားထဲမှာ ဘူဂဏန်းတွေ ပယ်တယ်ဆိုတော့။ ဒါပေမဲ့ နံပါတ်က ထုတ်ပြီးရင် တစ်သက်လုံး ပြောင်းလို့မရဘူး။ နိုင်ငံခြားက သွင်းတဲ့ကားတိုင်း အင်္ဂလိပ်နံပါတ် မထုတ်မနေရ မဟုတ်ပါဘူး။ ပိုင်ရှင်ဆန္ဒရှိမှသာ အိမ်စီးဖြစ်ဖြစ်၊ တက္ကစီဖြစ်ဖြစ် အင်္ဂလိပ်အက္ခရာ နံပါတ်နဲ့ ထုတ်ပေးမှာ” ဟု ယင်းက ပြောကြားသည်။ ယခုလက်ရှိ ရန်ကုန်မြို့တွင်း မြန်မာနံပါတ်ဖြင့် အိမ်စီးကားများ၊ တက္ကစီများကို အင်္ဂလိပ်နံပါတ်ဖြင့် အစားထိုး လဲလှယ်ခွင့်ပြုမည် မဟုတ်ဘဲ နိုင်ငံခြားမှ အသစ်တင်သွင်းသော ကားများကိုသာ အင်္ဂလိပ်အက္ခရာ နံပါတ်ထုတ်ပေးမည် ဖြစ်ကြောင်း၊ မြန်မာနံပါတ် ယာဉ်ပိုင်ရှင်များအနေဖြင့် အင်္ဂလိပ်အက္ခရာနံပါတ် ပြောင်းလိုပါက မိမိကားကို သံရည်ကျိုရန် အပ်နှံပြီးမှ၊ ကားအသစ်သွင်းမှသာ ပြောင်းနိုင်မည် ဖြစ်ကြောင်း၊ အင်္ဂလိပ်နံပါတ်ဖြင့် ထုတ်ပေးပြီးပါကလည်း တစ်သက်လုံး မြန်မာနံပါတ် ပြောင်းခွင့်မရှိကြောင်း သိရသည်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်