Subscribe to our RSS Feed

ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု ပြဿနာများ နယ်စပ်ဒေသတွင် အများဆုံးဖြစ်ပွားနေ


From : သာနောင်

ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု ပြဿနာများမှာ နယ်စပ်ဒေသများတွင်သာ အများဆုံး ဖြစ်ပွားနေပြီး မြန်မာနိုင်ငံ အတွင်း ဖြစ်ပွားမှု နည်းပါးနေသော်လည်း ငွေတုများ အလုံးအရင်းဖြင့် ၀င်ရောက်နေကြောင်း စုံစမ်းသိရှိရပါက လက်ရှိ ညွှန်ကြားထားသည့် လုပ်ထုံးလုပ်နည်းများထက် ကျော်လွန်၍ စစ်ဆေး အရေးယူ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောကြားသည်။ “ငွေစက္ကူ အတုတွေ အများဆုံး တွေ့နေတာက ထိုင်းနယ်စပ်မှာပါ။ ကျွန်တော်တို့ အနေနဲ့ ငွေစက္ကူ အတုတွေ တွေ့လာခဲ့ရင် ရဲစခန်းကို အကြောင်းကြားဖို့၊ စီအိုင်ဒီကို ပို့ပြီးစစ်ဆေးဖို့ လုပ်ထုံးလုပ်နည်းအရ ညွှန်ကြားထားတာတွေ ရှိပါတယ်။ ငွေစက္ကူအတုနဲ့ အစစ်ကလည်း တော်တော်ကွာခြားပါတယ်။ လက်ရှိ တွေ့နေရတာက သာမန်တွေ့ရှိမှု ပါ။ သာမန်ထက် ပိုလာလို့ အလုံးအရင်း တွေ့လာပြီဆိုရင် လက်ရှိ ညွှန်ကြားထားတဲ့ လုပ်ထုံးလုပ်နည်းထက် ပိုပြီး စုံစမ်းစစ်ဆေးသွားပါမယ်။ လက်ရှိအနေအထားက စိုးရိမ်စရာ မဟုတ်သေးတဲ့အတွက် ဗဟိုဘဏ်အနေနဲ့ အထူးတလည် စီစဉ်မှု မရှိသေးပါဘူး” ဟု ဦးမောင်မောင်ဝင်းက ပြောကြားခဲ့ပါသည်။ လက်တလောကာလ တွင် ပြည်တွင်း ငွေစက္ကူ လည်ပတ်သုံးစွဲမှုများ၌ ငွေစက္ကူအတုများ မကြာခဏ တွေ့ရှိနေသဖြင့် ငွေကျပ် ၅၀၀၀ တန်များအား ပြည်သူများ သုံးစွဲရာတွင် ခက်ခဲမှုများ ဖြစ်ပေါ်နေပြီး အချို့သော နေရာများတွင် ငွေစက္ကူ ကျပ် ၅၀၀၀ တန်အား အထူးတလည် စစ်ဆေးမှုများနှင့် ကျပ် ၅၀၀၀ တန်အစား ကျပ် ၁၀၀၀ တန်ကိုသာ အထူးပြုတောင်းခံလေ့ ရှိနေကြောင်း ပြည်သူများထံမှ သိရှိရပါသည်။ “ငွေစက္ကူ အတုပြသနာက အခုမှ မဟုတ်ပါဘူး ဟိုတုန်းကလည်း ရှိခဲ့ပါတယ်။ ၅၀၀၀ ကျပ်တန်တွေမှာ အတုတွေ တွေ့နေတဲ့ ပြသနာကလည်း အခုမှ မဟုတ်ပါဘူး။ ၅၀၀၀ ကျပ်တန် စထုတ်ကတည်းက တွေ့နေတာပါ။ ဘာပဲပြောပြော ဒီလို ငွေတုပြသနာတွေမှာ အထိအနာဆုံးက နွမ်းပါး တဲ့ ပြည်သူတွေပါ။ လုပ်အားခ ရလာတဲ့ငွေ ၅၀၀၀ ကျပ်တန်ကို အတုအစစ် မခွဲနိုင်လို့ ယူလာပြီးမှ ရဲလက်အပ်ရမယ်ဆိုရင် သူ့စားဝတ်နေရေး ဘယ်လိုဖြေရှင်းမလဲ။ ကြပ်မတ်စစ်ဆေးနိုင်ရင်တော့ အကောင်းဆုံးပေါ့” ဟု ပုဂ္ဂလိကဘဏ် အကြံပေးတစ်ဦးက ပြောကြားခဲ့ပါသည်။ မည်သူမဆို ငွေစက္ကူကို ဖြစ်စေ၊ ဘဏ်ငွေလက်မှတ် ကို ဖြစ်စေ လိမ်လည် အတုပြုလျှင်ဖြစ်စေ သို့မဟုတ် အတုပြုမှန်း မိမိသိလျက်နှင့် ထိုသို့ လိမ်လည် အတုပြုလုပ် သည့် လုပ်ငန်းအဆင့်ဆင့်တွင် အဆင့်တစ်ခုခုကို ပါဝင်ပြုလုပ်ပါက ထိုသူအား ရာဇသတ်ကြီးပုဒ်မ ၄၈၉(က) အရ ထောင်ဒဏ်တစ်သက် တစ်ကျွန်းကိုဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်ကိုဖြစ်စေ တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်အရေးယူနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ထို့ပြင် ငွေစက္ကူကို ဖြစ်စေ၊ ဘဏ်ငွေလက်မှတ် ကိုဖြစ်စေ အတုမှန်းသိလျက် အစစ်အမှန်အဖြစ် အသုံးပြုပါက ရာဇသတ်ကြီးပုဒ်မ ၄၈၉(ခ) အရ ထောင်ဒဏ် တစ်သက် တစ်ကျွန်းကိုဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးကို ဖြစ်စေ ချမှတ် အရေးယူနိုင်သည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ငွေစက္ကူများအား အတုပြုလုပ်ထားမှန်း သိလျက် သုံးစွဲရန် ကြံရွယ်ကာ လက်ဝယ်ထားပါက ထောင်ဒဏ် ၇ နှစ် အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်အရေး ယူနိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောပြခဲ့ကြောင်းသိရှိရသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်