Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည် အမြင်မှန်ရကာ ကိုယ်တိုင် ရွေးကောက်ပွဲဝင်မည်

(အေအက်ဖ်ပီ)
ဇာဇာစိုး ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၄၅ ( ၂၅ ၊၁၁ - ၁ ၊၁၂ ၊ ၂၀၁၁)


အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကျင်းပခဲ့သော အာဆီယံထိပ်သီး ညီလာခံသို့ တက်ရောက်လာခဲ့သည့် အမေရိကန် သမ္မတ အိုးဘာမားအား အာဆီယံ နိုင်ငံများဖြစ်သည့် မြန်မာ၊ အင်ဒိုနှင့် ဘရူနိုင်းတို့မှ ခေါင်းဆောင်များနှင့် အတူတွေ့ရစဉ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် အား မြန်မာနိုင်ငံသို့ မကြာမီ ကာလအတွင်း စေလွှတ်မည်ဟု အိုဘားမားက ပြောကြားခဲ့သည်။ ဓာတ်ပုံ - အေအက်ဖ်ပီ

အင်န်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်တိုင် ၀င်ရောက်ရွေးချယ်ခံသွား မည်ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီ သတင်းဌာနကို ယခုလ ၂၁ ရက်နေ့က ပြောကြားသည်။

၎င်း၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေဖြင့် ပါတီကိုပြန်လည် မှတ်ပုံတင်ကာ နိုင်ငံရေးနယ်ပယ်တွင်းသို့ ၀င်ရောက်တော့မည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ယခုသတင်း ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

"ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပါတယ်လို့ ဒေါ်စုက ပြောပါတယ်"ဟု ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ယခုလ ၁၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည် မှတ်ပုံတင်ရန် အဖွဲ့ဝင်များဆန္ဒဖြင့် ဆုံးဖြတ်ခဲ့သည့် အစည်း အဝေးတွင် သူ့အနေဖြင့် ရွေးကောက်ပွဲဝင်ဖွယ်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က အရိပ်အမြွက် ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လွန်ခဲ့သည့်နှစ် ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့ပြီးနောက် နှစ် ၂၀ အတွင်း ပြန်လည်ရွေး ကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာ ၄၈ နေရာအတွက် ရွေးချယ်သွားရန်ရှိပြီး ကျင်းပမည့်ရက်ကိုမူ မသိရှိရသေးပေ။

အမေရိကန်သမ္မတ ဘာရက်အိုဘားမား ကလည်း မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများအတွက် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်အား မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၁ ရက်နှင့် ၂ ရက်နေ့များ တွင် စေလွှတ်မည်ဖြစ်ကြောင်း ကြေညာခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံး အကြိမ် တိုက်ရိုက်တယ်လီဖုန်း ပြောပြီးနောက် မစ္စစ်ကလင်တန်၏ခရီးစဉ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း သမ္မတ အိုဘားမားက ဘာလီတွင် နိုဝင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံ ဘာလီသို့ သွားရောက်နေစဉ် ၎င်းလေယာဉ်ပေါ်မှ ဒေါ်အောင်ဆန်းစုကြည်ထံ ပထမဆုံးအကြိမ် တိုက်ရိုက် တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သမ္မတအိုဘားမားက မြန်မာအစိုးရက ဆောင်ရွက်ခဲ့သည့် 'တိုးတက်မှုအရိပ်အယောင်များ'ကို မှတ်ချက်ပေးခဲ့ပြီး ဒီထက် ပိုမို ဆောင်ရွက်ဖို့လိုကြောင်း ပြောကြားခဲ့သည်။

"နှစ်ပေါင်းများစွာ အမှောင်တိုက်ထဲမှာရှိနေ ပြီးနောက် အခုဆိုရင် တိုးတက်မှု အလင်းရောင်လေးတွေ တွေ့လာရပါပြီ" ဟု အိုဘားမားက ပြောသည်။

"လုပ်စရာတွေကတော့ အများကြီး ကျန်ရှိနေပါသေးတယ်။ မြန်မာနိုင်ငံရဲ့ မပွင့်လင်းသေးတဲ့ နိုင်ငံရေးစနစ်၊ တိုင်းရင်းသားလူနည်းစု တွေ ဆက်လက်ဖိနှိပ် ခံနေရသေးတာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေသေးတာနဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး တွေဟာ ကျွန်တော်တို့ ဆက်လက်ပူပန်စရာတွေဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှု လမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းသွားမည်ဆိုပါက နှစ်နိုင်ငံကြား ဆက်ဆံရေးလည်း ပိုမိုတိုးတက်လာမည်ဖြစ်သည်ဟု အိုဘားမားက ပြောကြားသည်။

မြန်မာနိုင်ငံသို့ နောက်လအစောပိုင်းတွင် သွားရောက်မည့် မိမိ၏ခရီးစဉ်မှာ မြန်မာ အစိုးရက နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းမှုများရှိမရှိ စုံစမ်းစစ်ဆေးရန်အတွက် ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က နိုဝင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။

"ကျွန်မ မြန်မာနိုင်ငံကို သွားမယ့်ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ တကယ်ရှိမရှိနဲ့ တကယ့် ရည်ရွယ်ချက်အမှန်တွေက ဘာလဲဆိုတာ စစ်ဆေးဖို့အတွက်ဖြစ်ပါတယ်"ဟုကလင်တန် က စီအင်န်အင်န်ရုပ်မြင်သံကြားနှင့် အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။

"လမ်းစတစ်ခုရှိနေတယ်ဆိုတာ သေချာပုံပါ ပဲ"ဟု ဟီလာရီကလင်တန်က မစ္စတာအိုဘားမား နှင့်အတူ အရှေ့အာရှ ထိပ်သီး စည်းဝေးပွဲ မတိုင်မီ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် အမေရိကန် နက်ဝပ်ခ်က အင်တာဗျူးစဉ်အတွင်း ပြောကြားသည်။

"ကမ္ဘာပေါ်မှာလည်း စစ်အာဏာရှင်စနစ်ကနေ နောက်ဆုံး ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိလာကြတဲ့ တိုင်းပြည်တွေ ရှိကြပါ တယ်"ဟု ၎င်းက ပြောသည်။

ထို့ပြင် ဖောက်စ်နယူးစ်နှင့်အင်တာဗျူး ဖြေကြားစဉ်တွင်လည်း မြန်မာနိုင်ငံမှ တိကျသောခြေလှမ်းများကို သူမျှော်လင့်ထားကြောင်း ပြောသည်။

"နိုင်ငံရေးအကျဉ်းသားတွေ ဒီထက်လွှတ်ပေးဖို့ ကျွန်မတို့မြင်ချင်ပါတယ်။ အစစ်အမှန် နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ အစစ်အမှန်ရွေးကောက် ပွဲတွေကိုပဲ ကျွန်မတို့ မြင်ချင်ပါတယ်။ ပြီးတော့ ပဋိပက္ခတွေ အဆုံးသတ်တာကိုမြင်ချင်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသား လူနည်းစု တွေနဲ့ဖြစ် ပွားနေတဲ့ ဆိုးရွားလှတဲ့ တိုက်ပွဲတွေကိုပါပဲ"။ "အခွင့်အလမ်းတွေ ရှိနေတယ်လို့ ကျွန်မတို့ယူဆတယ်။ဒါကြောင့် ကျွန်မတို့ ဒါကို စမ်းသပ်ကြည့်ချင်နေတယ်"ဟု ၎င်းက ပြောသည်။

တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို အားပေးရန်အတွက် ၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ အမြန်ဆုံးသွားရောက်ရန်ရှိကြောင်း ပြောကြားခဲ့သည်။


http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြသည်



Myanmar Express

1 comments:

အသက် ၆၇ နှစ်ယောက်မှ အမြင်မှန်မရလည်း သေသာသေလိုက်တော့
ခက်တာက ဒေါ်စုအမြင်မှန်ရပေမယ့်
ပြည်ပက အတိုက်အခံတွေ ခုထိ အမြင်မှန်မရသေးဘူးဖြစ်နေတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်