Subscribe to our RSS Feed

ဒေါ်စုရဲ့ NLD ဘယ်လဲ...ဘာလဲ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟု အမည်နာမ ပြောင်းလဲလာခဲ့သော မြန်မာနိုင်ငံသည် သမ္မတကြီး ဦးသိန်းစိန် အစိုးရ၏ ဦးဆောင်မှု အောက်တွင် နိုင်ငံတကာနှင့် မြန်မာပြည်သူလူထုမှ ချီးကျူးရသည့် အထိ ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြင့်တက်လာနေသည်။ ဒီလိုအချိန်တွင် NLD သည် အရင်တပ်မတော်အစိုးရမှ ဦးဆောင်၍ ကျင်းပ ပေးခဲ့သော ရွေးကောက်ပွဲသို့ အခြေခံ ဥပဒေကို ဆန့်ကျင်သော အားဖြင့် ၀င်ရောက် မယှဉ်ပြိုင်ခဲ့ဘဲ လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ဖို့ အတွက် ပါတီ မှတ်ပုံ တင်သင့် မတင်သင့် ကို စဉ်းစားဆုံးဖြတ်ဖို့ အသံတွေ ပြန်ထွက်လာသည်။

တနည်းအားဖြင့် ရမလားဟု ဆန့်ကျင်ခဲ့သော အခြေခံဥပဒေကို ယခုမှ ထောက်ခံသလိုလိုနှင့် လက်ရှိအစိုးရအဖွဲ့တွင် နေရာတစ်နေရာ ရယူလိုလာခြင်း ဖြစ်သည်။ NLD ၏ သခင်ဟု ကင်ပွန်းတပ်နိုင်သော ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိသမ္မတဦးသိန်းစိန် အစိုးရ၏ ပြည်သူ့ဆန္ဒကို လေးစားလိုက်နာမှု၊ နိုင်ငံတော် တိုးတက်အောင် လုပ်ဆောင်နေမှုကို မသိမဟုတ် သိလျက်နှင့် မမြင်ချင်ယောင်ဆောင်နေသည်။ တချိန်လုံးဆန့်ကျင်လာခဲ့သော သူမအတွက် ချက်ချင်းကြီး ထောက်ခံဖို့ဆိုသည်မှာ သူမအတွက် အခက်အခဲတစ်ခုဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဒေါ်စုအတွက် လက်ရှိအစိုးရအား ထောက်ခံမှုများကို မသိမသာ တဖြည်းဖြည်းချင်းသာ ပြုလုပ်လာသည်။ နိုင်ငံတော် တိုးတက်ဖို့အတွက် အသုံးချခံဖြစ်ရင်လည်း ကျေနပ်သည် ဆိုသောသူမ၏ စကားက တနည်းအားဖြင့် လက်ရှိအစိုးရ၏ လုပ်ဆောင်မှုများကို ထောက်ခံ၍ မိမိပါ ပူးပေါင်းပါဝင် လိုသည် ဟူသော သဘောပင်ဖြစ်ပေသည်။ လက်ရှိ ဦးသိန်းစိန်အစိုးရသည် လည်း နိုင်ငံတော်အတွက် တိုးတက်ရာ တိုးတက်ကြောင်းကို ရှာဖွေသူ၊ ပြည်သူ့ဆန္ဒကို အလေးထားသူ၊ ပြည်သူလူထု အပေါ် ကရုဏာ တရား ထား၍ အုပ်ချုပ်သူ အစိုးရဖြစ်သည်မှာ ယုံမှားသံသယ ရှိစရာမလိုပေ။ အကျဉ်းသားများ လွှတ်ပေးမှု၊ နိုင်ငံခြားငွေ ကိစ္စများအဆင်ပြေအောင်ဆောင်ရွက်ပေးမှု၊ ပညာရေးအတွက် အခြေခံပညာမူလတန်းအဆင့် ကလေးများ ကျောင်းမနေမဖြစ်နေရအောင် ကျောင်းသုံးစာအုပ်များ အခမဲ့ကူညီမှု၊ ပြည်သူ့ဆန္ဒကို အလေးထား၍ ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးခဲ့မှု၊ မီဒီယာကဏ္ဍလွတ်လပ်စွာ ပြောဆိုနိုင်မှု၊ ရေးသားနိုင်မှု၊ အင်တာနက်ကန့်သတ်ချက်များ လျော့ပေးသည့်အနေဖြင့် ပြည်ပ၀က်ဆိုဒ်များ ဖွင့်ပေးခဲ့မှု၊ ဆင်းရဲမှု ပပျောက်ရေးဦးတည်ချက်ထား၍ အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြုလုပ်ပေးမှု၊ အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်မှုအတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးမှု စသည်စသည် ဖြင့် တိုးတက်မှု ဆောင်သောကိစ္စရပ်များကို အချိန်နှင့် တပြေးညီ ဆောင်ရွက်ပေးခဲ့သည်။ ဒီ့အတွက် ပြည်သူလူထု၏ ထောက်ခံမှုကို တခဲနက် ရယူလာနိုင်သည်နှင့် အတူ အာဆီယံအဖွဲ့ဝင် နိုင်ငံများသာမက ယခင်က ပိတ်ဆို့ထားခဲ့သော နိုင်ငံများပင် အစိုးရ၏ လုပ်ဆောင်မှုများကို ချီးကျူးထောပနာပြု ထောက်ခံလာကြသည်။

ထိုကဲ့သို့ ဦးသိန်းစိန်အစိုးရ၏ အစိုးရသက်တမ်း ၁ နှစ်မပြည့်ခင်မှာပင် ပြောင်းလဲမှု များစွာ ဖြစ်ထွန်းလာခဲ့သလို တိုးတက်မှု များစွာ ဖြစ်ပေါ်လာခဲ့သည်။ လက်ရှိအစိုးရနှင့် ဆန့်ကျင်ဘက် NLD သည်ကား နှစ်ပေါင်း၂၀ ကျော်ကြာခဲ့ပြီဖြစ်သော်လည်း ပြည်သူလူထု၏ တိုးတက်ရာတိုးတက်ကြောင်းကို သာမန် ပရိဟိတ အဖွဲ့တဖွဲ့ ထက် ပိုအောင် မလုပ်နိုင်သေး။ နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုကိုပင် မြန်မာနိုင်ငံအပေါ် ဆက်လက်တည်နေအောင် ယခုထိပြုလုပ်နေဆဲ ပင်။ အတွေးအခေါ် တယူသန်ဆန်၍ ရှေးဆန်သော သက်ကြီးရွယ်အိုများ၏ နေရာမဖယ်ပေးနိုင်မှုကြောင့် NLD သည် ခေတ်နှင့်အညီ ပြောင်းလဲမှု မပြုလုပ်လာနိုင်သေး။ NLD ကိုတရားဝင် ပါတီတစ်ခုဖြစ်လာအောင် မှတ်ပုံပြန်တင် မည်ဆိုပါက မြန်မာပြည်သူတွေအတွက် အကျိုးစီးပွားဖြစ်ထွန်းစေသော လက်ရှိ လွှတ်တော် အတွင်း ပါတီများရှိ အမတ်များ ကဲ့သို့ ကိုယ်ကျိုးစွန့် အနစ်နာခံ ပြည်သူလူထု အတွက် အမြဲတစေ ကြည့်ရှုပေးသော လူများ NLD တွင် များများလိုအပ်သည်။ အပြောကို ဘေးချိတ် လက်တွေ့လုပ်ဆောင်သူများ လိုပေလိမ့်မည်။ ယနေ့ ပြည်သူလူထု သည်လည်း မည်သူက အလုပ်လုပ်သည်။ မည်သူက အလုပ်မလုပ်ဘဲ စကားလုံးလှလှလေးတွေသာ ထိုင်ပြော၍ နားထောင်သူအပေါ် အချိုသကာသာ လောင်းတတ်သည် ဆိုသည်ကို ခံရတာများ၍ ခွဲခြားလာခဲ့ကြသည်။ ထို့ကြောင့်ပင် ပြည်တွင်းပြည်ပ ဆန့်ကျင်သူများ၏ အဖျက်သဘောဆောင် ၀ါဒဖြန့်မှုများအား ဥပေက္ခာပြု၍ လက်ရှိအစိုးရအပေါ် ယုံကြည်အားကိုးလာခြင်းပင် ဖြစ်သည်။ သို့ဖြစ်၍ NLD သည် ပြည်သူအပေါ် စကားဖြင့်သာ သကာလောင်းမည်ဟု ကြံစည်နေလျှင် မှတ်ပုံတင်သင့် မတင်သင့် စဉ်းစားနေစရာမလို။ လွှတ်တော်အဆောက်အအုံ၏ ဘေးတွင် ငုတ်တုတ်သာ သွားထိုင်နေသင့်သည်။ ထိုကဲ့သို့ လူများကို ပြည်သူလူထုက လိုအပ်မည် မဟုတ်သောကြောင့်ပင်။ လက်ရှိအစိုးရသည်ကား NLD သည် မှတ်ပုံတင်သည် ဖြစ်စေ မတင်သည် ဖြစ်စေ မိမိတို့၏ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှုများကို ရှေ့ဆက်တိုး၍ လုပ်ဆောင်သွားမည်သာဖြစ်သည်။ NLD အနေဖြင့် လက်ရှိ ဦးသိန်းစိန်အစိုးရ၏ လုပ်ဆောင်မှုများကို ထောက်ခံကြိုဆို၍ မိမိပါ နိုင်ငံနှင့် လူမျိုးအတွက် အမှန်တကယ် စိတ်ရောကိုယ်ပါ အားတက်သရော ကိုယ်ကျိုးစွန့် ပါဝင် ကူညီလိုလျှင်ကား ပြည်သူလူက လက်ကမ်းကြိုဖို့ ၀န်လေးမည် မဟုတ်။

ထို့ကြောင့် NLD သည် မိမိတို့၏ လွဲမှားနေသော လုပ်ရပ်များ၊ ဟောင်းနွမ်းနေသော အတွေးအခေါ်များ၊ ငါမှငါ ဆိုသော အစွဲများကို ဖျောက်၍ မိမိတို့ စွမ်းအားရှိသမျှ ပေးဆပ်၍ လက်ရှိအစိုးရနှင့် အတူ ပြည်သူအကျိုးကို လက်တွဲ လုပ်ဆောင်ဖို့ မှတ်ပုံပြန်တင်မည်လား။ ဒါမှမဟုတ် ယခင်လိုပင် ပြည်သူအပေါ် စကားလှလှလေးများသုံးလှည့်ဖျား၍ အုပ်ချုပ်သမျှ အစိုးရကို အပြစ်ရှာ ဆန့်ကျင်ကာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်နေမှု အရှိန်အဟုန်ကို ရပ်တန့်အောင် လုပ်ဆောင်နေမည်လား စဉ်းစားတွေးတောဖို့လိုသည်။ မိမိတို့ ဘာမှားနေသလဲ ဘယ်နေရာတွေ လိုအပ်နေသလဲ ဘာတွေပြင်ဆင်ဖို့ လိုသလဲ သေချာ စဉ်းစားဖို့လိုသည်။ "ပြည်သူတွေကို အေးမြတဲ့ အရိပ်အောက်ကို ပို့ပေးဖို့ဟာ ကျမတို့ရဲ့ တာဝန်ဖြစ်တယ်" လို့ ဒေါ်စုမှ ပြောခဲ့သည်။ ဒေါ်စုအနေဖြင့် မိမိ၏ လုပ်ရပ်သည် ပြည်သူကို အေးမြတဲ့ အရိပ်အောက် ပို့ပေးနေတာလား အရိပ်အောက်မှ ပူပြင်းသော နေပူထဲသို့ ဆွဲထုတ်နေသည်လား ဆိုတာကို မိမိဘာသာ တွေးခေါ် စဉ်းစား၍ ကိုယ့်ကိုကိုယ် ပြန်လည် သုံးသပ်ပါဟု ရွှေမြန်မာမှ တိုက်တွန်းလိုက်ရပေသည်။


http://goldenmyanmarnews.blogspot.com/2011/11/nld.html မှ ကူးယူဖော်ပြပါကြောင်း


Myanmar Express

1 comments:

myar myar haung par myanmar express..ur step-father will treat u bones...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်