Subscribe to our RSS Feed

လူတွေအာရုံစိုက်လာကြတဲ့ လွှတ်တော်အခင်းအကျင်း

ရွှေယင်းမာဦး
အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ - ၂၄ ၊ ၁၁ ၊ ၂၀၁၁)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များ အမျိုးသားလွှတ်တော်တစ်နေ့တာ အစည်းအဝေးအပြီး ပြန်လည်ထွက်ခွာလာကြစဉ်။
ဓာတ်ပုံ-ရွှေယင်းမာဦး

ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာ ပထမဆုံးခေါ်ယူကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွေကို ကြည့်မယ်ဆို လွှတ်တော်တွေရဲ့ အခန်းကဏ္ဍကို ပီပီပြင်ပြင် မပြသနိုင်ခဲ့ကြတာကို တွေ့ရပါမယ်။

အကူးအပြောင်းကာလဖြစ်တဲ့အလျောက် အစိုးရသစ်ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများဖွဲ့စည်းခြင်းနဲ့ အဆိုအနည်းငယ်၊ မေးခွန်း အနည်းငယ်ကိုသာ ဆွေးနွေးခဲ့တာမျိုးဖြစ်တာကြောင့် ပြည်သူတွေက လွှတ်တော်ရဲ့သဏ္ဍာန်ကို ခပ်ဝါးဝါးနဲ့သာ မြင်နေခဲ့ရပါတယ်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ကျင်းပ ပေးခဲ့တဲ့ ပထမအကြိမ် အစည်းအဝေးဖြစ်တာကြောင့် မေးခွန်းတွေကို ဖြေကြားခဲ့တဲ့ ၀န်ကြီးတွေဟာလည်း 'နယက' တနည်းပြောရရင် အရင်အစိုးရ ရဲ့ ၀န်ကြီးတွေ ဖြစ်နေကြပါတယ်။

အဲဒီနောက် အခုခေါ်ယူနေဆဲဖြစ်တဲ့ ဒုတိယပုံမှန်အစည်းအဝေးမှာတော့ ဆွေးနွေးခဲ့တဲ့ အဆိုတွေ၊ မေးခွန်းတွေဟာ လက်ရှိတာဝန်ယူ အကောင်အထည် ဖော်နေတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးတွေက ပြန်လည်တုံ့ပြန်ဆွေးနွေး ကြတာဖြစ်လို့ ပိုပြီးလက်တွေ့ ကျတာကို တွေ့ရမှာပါ။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဆိုတဲ့ လွှတ်တော်နှစ်ရပ်ရဲ့ ဥက္ကဋ္ဌအသီးသီးဟာလည်း လွှတ်တော်တွေကို အတော်လေး ပုံဖော်နိုင်ခဲ့ကြပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေ၊ မေးခွန်းနဲ့ အဆိုတွေ ဟာလည်း ပထမအကြိမ်အစည်းအဝေးမှာတုန်းက ပြည်သူတွေအားမလိုအား မရဖြစ်စရာတွေဖြစ်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ တိုးတက်မှုရှိလာတယ်ဆိုတာ မငြင်းနိုင်ပါဘူး။

ပြည်ထောင်စုအဆင့်မှာ ဆွေးနွေးစရာမလိုတဲ့ကိစ္စတွေကို တင်ပြနေသေးတာမျိုးတွေလည်း ရှိနေပါသေးတယ်။ လွှတ်တော်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုရေးအတွက် ဒုတိယအစည်းအဝေး မစခင်ကတည်းက လွှတ်တော်အမြဲတမ်းကော်မတီတွေဟာ အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေ ကျင်းပပြီး ဥပဒေပြုရေးအတွက်ပြင်ဆင်ခဲ့ကြပါတယ်။

ယခင်အစိုးရ လက်ထက်က အသုံးပြုခဲ့တဲ့၊ အသုံးပြုနေဆဲ ဥပဒေတွေထဲက ပယ်ဖျက်သင့်တဲ့၊ ပြင်ဆင်ရေးဆွဲသင့်တဲ့၊ အသစ်ရေးဆွဲသင့်တဲ့ဥပဒေတွေကို လေ့လာခဲ့ကြပါတယ်။

ပထမဦးဆုံးနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတင် ပြည်ထောင်စု အစိုးရအဖွဲ့က အခွန်ဆိုင်ရာဥပဒေတွေအနက်က အမြတ်ခွန်ဥပဒေကိုဖျက်သိမ်းပြီး အခြားဥပဒေလေးခုကို ပြင်ဆင်ဖို့တင်ပြခဲ့ပြီး ပြင်းပြင်းထန်ထန်ဆွေးနွေးစရာ မလိုဘဲ အတည်ပြု နိုင်ခဲ့ကြပါတယ်။

အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်အဆင့်မှာတော့ ဥပဒေကြမ်း ၁၇ခု ကို ဆွေးနွေးခဲ့ကြပြီး အဲဒီဥပဒေကြမ်းတွေအနက် အလုပ်သမားအဖွဲ့အစည်းဥပဒေ ဟာ ပြည်တွင်းပြည်ပရဲ့ အာရုံစိုက်ခြင်းခံခဲ့ရပါတယ်။ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့လည်း ဒီဥပဒေကြမ်းဟာ အရေးပါလှပါတယ်။

လွှတ်တော်နှစ်ရပ်က သဘောတူညီမှုမရတဲ့ ဥပဒေကြမ်းတွေဟာ ပြည်ထောင်စုလွှတ်တော်ရဲ့အဆုံးအဖြတ်ကိုရယူရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အားလုံးမျှော်လင့်နေကြတဲ့ ဥပဒေတွေအနက်က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး ဥပဒေ၊ လွတ်လပ်စွာစုရုံးခွင့်နှင့် လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ဥပဒေ၊ ပုဂ္ဂလိက ကျောင်းမှတ်ပုံတင်ဥပဒေ၊ လယ်ယာမြေ ဥပဒေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေတွေဟာ အတည်ပြုနိုင်ဖို့ စောင့်ဆိုင်းနေရဆဲဖြစ်နေတာကို တွေ့ရပါတယ်။

လွှတ်တော်ရဲ့သက်တမ်းနုနယ်သေးတဲ့အတွက် လွှတ်တော်လုပ်ငန်းစဉ်တွေ အဆင်ပြေချောမွေ့စေဖို့ 'နယက'က ရေးဆွဲပေးခဲ့တဲ့ လွှတ်တော်ဥပဒေတွေကို လည်း ပြင်ဆင်ခဲ့သလို ကြားဖြတ်ရွေးကောက်ပွဲကို မကြာမီမှာကျင်းပဖို့ ရှိတဲ့အတွက် လွှတ်တော်အရပ်ရပ်ရဲ့ ရွေးကောက်ပွဲဥပဒေတွေကိုလည်း လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကိုလည်း ဖြေလျော့မှုတွေနဲ့ ပြင်ဆင်ခဲ့တာကြောင့် လူအများစိတ်ဝင်စားနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင် မတင်ဆိုတဲ့ ကိစ္စကို ပိုပြီးဂရုပြုမိစေပါတယ်။

လွှတ်တော်လုပ်ငန်းစဉ်အရ လွှတ်တော်နှစ်ရပ်က သဘောတူညီပြီးတဲ့ ဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်က သဘော တူညီပြီးဖြစ်တယ်လို့ သတ် မှတ်ရမှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က သဘောတူညီပြီးဖြစ်တဲ့ ဥပဒေကြမ်းကို နိုင်ငံတော် သမ္မတရုံးကို ပေးပို့ရမှာဖြစ်ပြီး သမ္မတအနေနဲ့ ပြင်ဆင်စရာမရှိရင် ၁၄ရက်အတွင်း လက်မှတ်ထိုးပြီး ပြန်လည်ပေးပို့ရမှာဖြစ်ပါ တယ်။

တကယ်လို့ ၁၄ရက်အတွင်း ပေးပို့ခြင်းမရှိရင်လည်း အတည်ပြုပြီး ဖြစ်တယ်လို့ သတ်မှတ်မှာဖြစ်ပါတယ်။ လွှတ်တော်အစည်းအဝေး အတွင်း လွှတ်တော်နှစ်ရပ်ရဲ့ သဘောထားကွဲလွဲမှု တွေဟာလည်း လူတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါသေးတယ်။ လွှတ်တော်တွင်း ဆွေးနွေးကြတဲ့ အဆိုတွေနဲ့ဥပဒေကြမ်းတွေက စိတ်ဝင်စား စရာကောင်းလာသလို ထပ်မံဖွဲ့စည်းလိုက်တဲ့ လွှတ်တော်ရေးရာ ကော်မတီတွေဟာ လည်း အာရုံစိုက်စရာဖြစ်လာပါတယ်။

သက်တမ်းတစ်နှစ်နဲ့ ယာယီဖွဲ့စည်းထားတဲ့ ရေးရာကော်မတီတွေကို များ သောအားဖြင့် ယခင်အစိုးရ၀န်ကြီးဟောင်းတွေ၊ အတွေ့အကြုံရင့်သူတွေနဲ့ ဖွဲ့စည်းထားပြီး ကော်မတီအသီးသီးဟာ ပြည်သူနဲ့ထိတွေ့နိုင်သမျှထိတွေ့နိုင်ဖို့ ကော်မတီရဲ့ပုံရိပ်ကို ဖော်ညွှန်းနိုင်ဖို့ ကြိုးပမ်းလာကြပါတယ်။ ပြည်သူ့လွှတ်တော်က အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီဆိုရင် ရေးရာကော်မတီတွေထဲမှာ ပထမဆုံးအကြိမ်အဖြစ် သတင်း မီဒီယာသမားတွေကို ခေါ်ယူတွေ့ဆုံပြီး ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲနေတဲ့ မီဒီယာဥပဒေနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေကို လွတ်လွတ်လပ်လပ် ပွင့်ပွင်းလင်းလင်း ဆွေးနွေးကြားနာခဲ့ပါတယ်။

ဒါ့အပြင် နောက်တစ်ကြိမ်အစည်းအဝေးမှာ နိုင်ငံရဲ့ရသုံးမှန်းခြေငွေ စာရင်းဥပဒေကြမ်းကို ဆွေးနွေးကြရမှာဖြစ်လို့ ဘတ်ဂျက် ရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲ ကိုလည်း လွှတ်တော်သဘင်ဆောင်မှာ ငါးရက်ကြာ ကျင်းပခဲ့ပါ သေးတယ်။

လွှတ်တော်အစည်းအဝေးကာလ သုံးလအတွင်း ရောက်လာပြီဖြစ်တာ ကြောင့် ကြန့်ကြာနေတဲ့ ဥပဒေကြမ်းတွေကိုပဲ အပြီးသတ်ဖို့ လွှတ်တော် နှစ်ရပ်စလုံးက ကြိုးစားနေကြတာဖြစ်ပြီး မကြာခင်မှာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခေါ်ယူကာ ဒုတိယအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးကို အဆုံးသတ်မယ်လို့ မျှော်လင့်ရပါတယ်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း




Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်