Subscribe to our RSS Feed

နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက် (၂၀-၁၁-၂၀၁၁)


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သောအဖွဲ့သည် (၁၉)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ရန် အင်ဒိုနီးရှားသမ္မတနိုင်ငံ ဘာလီမြို့သို့ နိုဝင်ဘာ ၁၇ ရက်မှ နိုဝင်ဘာ ၂ဝ ရက်အထိ သွားရောက်ခဲ့သည်။

အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် - နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ရက်စွဲဖြင့် သတင်း ထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။

အဆိုပါ သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

သတင်းထုတ်ပြန်ချက်

၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က အင်ဒိုနီးရှား သမ္မတနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသည့် (၁၉)ကြိမ် မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို အင်ဒိုနီးရှား သမ္မတနိုင်ငံ သမ္မတ ဒေါက်တာ ဆူစီလိုဘန်ဘန်းယူဒိုယိုနိုက သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် အပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံအကြီးအကဲများနှင့် အစိုးရ အကြီးအကဲများ တက်ရောက်ခဲ့ပါသည်။ အဆိုပါ ထိပ်သီး အစည်းအဝေးက ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက တာဝန်ယူရန် အတည်ပြု ဆုံးဖြတ်ခဲ့သည်။

အထက်ပါ ထိပ်သီး အစည်းအဝေး ဆုံးဖြတ်ချက်သည် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ဘာလီကျွန်း၌ ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေးက အစီရင်ခံ တင်ပြချက် အပေါ် အာဆီယံ ခေါင်းဆောင်များက အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ မြန်မာနိုင်ငံက ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရေးနှင့် ပတ်သက်သည့် မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ပြောကြားခဲ့ပါသည်။ အာဆီယံ၏ လက်ရှိ ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မာတီနာတာလီဂါဝါကလည်း ၎င်းမကြာသေးမီက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့် ပတ်သက်၍ အစည်းအဝေးသို့ ရှင်းလင်းတင်ပြခဲ့ပါသည်။ ယင်းကိစ္စကို ကျန်အာဆီယံနိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများက တစ်ခဲနက် ထောက်ခံ အားပေးခဲ့သည်။

မြန်မာနိုင်ငံအနေနှင့် (၁၉)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး၏ ဆုံးဖြတ်ချက်နှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ ထောက်ခံ အားပေးမှုကို ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ထုတ်ဖော်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် အာဆီယံ အသိုက်အဝန်း ထူထောင်ရေးနှင့် အာဆီယံရည်မှန်းချက်များ အကောင်အထည်ဖော်ရေး အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အတူတကွ ဆက်လက်၍ တက်ကြွစွာ လုပ်ကိုင်သွားမည် ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်