Subscribe to our RSS Feed

ရန်ကုန်လျှပ်စစ်ပေးဝေရေး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စတင်ဝင်ရောက်


From : ခေတ်လူငယ်

လျှပ်စစ်မီး လုံလောက်စွာ ပေးဝေနိုင်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက် လုပ်ကိုင်ခွင့်ပြုနေသော ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေးကဏ္ဍတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပသော စွမ်းအင်ကဏ္ဍ ဆွေးနွေးပွဲတွင် လျှင်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်ငွေ့/ရေနွေးငွေ့ စက်ရုံများ ဌာနမှ တွဲဖက်အင်ဂျင်နီယာ ဒေါ်မီမီသူက ပြောကြားသည်။ ရန်ကုန်မြို့ လျှပ်စစ်သုံးစွဲမှုတွင် အဓိကကျသော လှော်ကား၊ သာကေတနှင့် အလုံမြို့နယ်တို့ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို တရုတ် Hydro Lang-caung ကုမ္ပဏီ၊ ကိုရီးယား BKB ကုမ္ပဏီ၊ ထိုင်း Toyo Thai ကုမ္ပဏီတို့က လုပ်ကိုင်ရန် MoU (သဘောတူစာချွန်လွှာ) ရေးထိုးထားခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ အင်းစိန်မြို့နယ် ရွာမလျှပ်စစ်ဓာတ်အားပေး စက်ရုံအတွက်လည်း ပြည်ပကုမ္ပဏီတစ်ခုနှင့် MoU ရေးထိုးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “ပုဂ္ဂလိကဝင်လာတော့ မီးမှန်မှန်လာနိုင်တယ်။ ဒါပေမဲ့ မီတာခကို သင့်တော်မယ့် ဈေးနှုန်းလေးတော့ ဖြစ်စေချင်တယ်” ဟု ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)နေ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် အစရှိသည်တို့တွင်လည်း လေစွမ်းအင်သုံး လျှပ်စစ်ပေးဝေမှုများ စတင်တော့မည်ဖြစ်ကြောင်း ပြောသည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်သုံးစွဲမှုပမာဏ အများဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ရှမ်းနှင့် ဧရာဝတီတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးသည် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် မီဂ္ဂါဝပ် ၉၀၀ နီးပါးသုံးစွဲကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်ဟု ၂၀၁၂ ခုနှစ်စက်တင်ဘာ ၁၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်