Subscribe to our RSS Feed

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ကုလသမဂ္ဂ နိုင်ငံနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ မြန်မာမိသားစုများနှင့် တွေ့ဆုံခဲ့

From : သမ္မတရုံး


နေပြည်တော်  အောက်တိုဘာ  ၃

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ကုလသမဂ္ဂ၊ နိုင်ငံနှင့်ဒေသ ဆိုင်ရာ အဖွဲ့ အစည်းများ၊ မြန်မာမိသားစုများနှင့် တွေ့ဆုံခဲ့သည်။

နိုင်ငံတော် သမ္မတ သည် စက်တင်ဘာ (၂၇) ရက်နံနက်ပိုင်းတွင် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပြီးနောက် နံနက်(၁ဝ) နာရီ (၄၅) မိနစ်တွင် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ မစ္စတာ ဗပ်က်ဂျားဗစ်အား ၎င်း၏ ဧည့်ခန်းမသို့ သွားရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ကုလသမဂ္ဂ၏ ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံက ပူးပေါင်းပါဝင် ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံသို့ ပုံမှန်ထောက်ပံ့မှုများ ပြန်လည်ပေးအပ်ရေးနှင့် မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သည့် ပြုပြင်ပြောင်းလဲမှုများ အတွက် ကုလသမဂ္ဂ အဖွဲ့ကြီးက အပြုသဘောဆောင်သည့် တုံ့ပြန်မှုများ ပြန်လည်ပေးအပ်ရေး ကိစ္စရပ်များကို ဆွေးနွေး ခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် နံနက်(၁၁)နာရီတွင် ကုလသမဂ္ဂ ဌာနချုပ် အဆောက်အဦ နှစ်နိုင်ငံအစည်းအဝေးခန်းမ၌ ဥရောပကောင်စီဥက္ကဋ္ဌ မစ္စတာ ဟာမန်းဗန်ရွမ်ပီနှင့်  ဥရောပ သမဂ္ဂအဖွဲ့ နိုင်ငံခြားရေးနှင့်လုံခြုံရေးကောင်စီ ကိုယ်စားလှယ် မစ္စ ကက်သရင်းအက်ရှ်တန် တို့အား လက်ခံတွေ့ဆုံပြီး ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံသို့ ငွေကြေးအကူအညီပေးရန် ကတိကဝတ်ပြုထားမှု၊ မြန်မာပို့ကုန်များနှင့် ပတ်သက်၍ ဥရောပသမဂ္ဂမှ Generalized System of Preference (GSP) အကျိုးခံစားခွင့် ပေးရန် အဖွဲ့ဝင်(၂၇) နိုင်ငံလုံးက ဆွေးနွေးဆုံးဖြတ်ခဲ့မှု၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ဥရောပသမဂ္ဂက အပြည့်အဝ ထောက်ခံအားပေးနေမှု၊ မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အဦများ တည်ဆောက်နိုင်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊  နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရေး၊ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် တိုင်းရင်းသားပဋိပက္ခများ ချုပ်ငြိမ်းရေး ကိစ္စရပ်များတွင် ဥရောပသမဂ္ဂက ကူညီပံ့ပိုးရေး၊ မြန်မာနိုင်ငံက၂ဝ၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်သည့်အခါ လိုအပ်သော အကူအညီများ ပေးအပ်ရေး၊ မြန်မာနိုင်ငံ၏ ရေရှည်စီမံကိန်းများ အတွက် ဥရောပ သမဂ္ဂက ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် နယူးယောက်မြို့တွင် ရောက်ရှိသည့် ဘင်္ဂလားဒေ့ရှ် ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာအား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက် ခိုင်မာရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် နည်းလမ်းများ ရှာဖွေရေး၊ ဘင်းမ်စတက် လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ရေးနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ခွင့်နှင့်အညီ တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးခင်ရီနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင်တို့ တက်ရောက်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတသည် ယင်းနေ့ညနေပိုင်းတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၌ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ မစ္စတာ အလက်ဇန်းဒါး ဖဲလ်ဒ်မန်း နှင့် အမှုဆောင်များ၊ အမေရိကန် ကုန်သည်ကြီးများအသင်းမှ ဒုတိယဥက္ကဋ္ဌ မစ္စတာ မိုင်ရွန် ဘရီလီယန့်နှင့် အသင်းဝင်များဖြစ်ကြသည့် ကုမ္ပဏီကြီးများမှ လုပ်ငန်းရှင် များနှင့် တွေ့ဆုံခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍ၊ လေကြောင်း ပို့ဆောင်ရေး ဆိုင်ရာဈေးကွက်နှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းစသည့် ကဏ္ဍများ၌ လာရောက်ရင်းနှီး မြှုပ်နှံကြမည်ဟု မျှော်လင့်ပါကြောင်း၊ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု များကို ဆွဲဆောင်နိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို မကြာမီ ပြဋ္ဌာန်း နိုင်တော့မည်ဖြစ်ပြီး ယင်းဥပဒေတွင် ရင်းနှီးမြှုပ်နှံသူများကို  အခွင့်အရေးများ ပေးထား ပါကြောင်း။

မိမိတို့အစိုးရအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုလွယ်ကူ ကောင်းမွန်သည့် ဝန်းကျင်ကို ဆက်လက်ဖန်တီး ပေးသွားမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး များကိုလည်း မြှင့်တင် ပေးသွားမည်ဖြစ်သည့်အပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း တိုးမြှင့်ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့် အထူးစီးပွားရေးဇုန် ဥပဒေများကိုပြဋ္ဌာန်းပြီး ရခိုင်ပြည်နယ် ကျောက်ဖြူဒေသ၊ တနင်္သာရီတိုင်း ထားဝယ်ဒေသနှင့် ရန်ကုန်မြို့အနီးရှိ သီလဝါ ဒေသတို့ကို အထူးစီးပွားရေး ဇုန်များအဖြစ် သတ်မှတ်ထားပါကြောင်း၊ ယင်းအထူးစီးပွားရေး ဇုန်များသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် ပို့ကုန် ထုတ်လုပ်ရေး ဇုန်များ ဖြစ်လာမည်ဟု မျှော်လင့်ပါကြောင်း။

မြန်မာနိုင်ငံတွင်ရှိသည့် ငယ်ရွယ်နုပျိုပြီး အင်္ဂလိပ်ဘာသာစကား ပြောဆိုနိုင်သည့် လုပ်သား အင်အားစုများသည် အမေရိကန်စက်မှု လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ အတွက် ဈေးသက်သာသည့် လုပ်အားများ ဖြည့်တင်းပေးနိုင်မည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့်လည်း ထွန်းတောက်သည့် အရှေ့တောင်အာရှ၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ပြသလိုပါကြောင်း၊ မိမိတို့ အနေဖြင့် နောက်ပြန်လှည့်မည် မဟုတ်ဘဲ ရှေ့သို့ဆက်လက်ချီတက် သွားမည်ဖြစ်ပါကြောင်း၊ စီးပွားရေးကို တွန်းအားပေးနိုင်ပြီး ပြည်သူများ၏ အကျိုးစီးပွားကို မြှင့်တင်နိုင်မည့် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရေး ရည်မှန်းချက်သည် နှစ်ဦးနှစ်ဘက် အကျိုးရှိမည့် အခြေအနေကို ဖန်တီးသွားရန် ဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ညနေ(၅) နာရီမိနစ် (၂ဝ) တွင် နယူးယောက်မြို့ရှိ အာရှအသင်းရုံး၌ အသင်းဝင်များအား အမှာစကားပြောကြားခဲ့ပြီး အသင်းက မေးမြန်းသည့် မေးမြန်းချက် များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

နိုင်ငံတော်သမ္မတသည် စက်တင်ဘာ (၂၈) ရက်တွင် ဘီဘီစီ၊ ဗွီအိုအေ၊ ဒီဗွီဘီ၊ အာရ်အက်ဖ်အေ နှင့် မြန်မာနေရှင်နယ်တီဗွီတို့မှ သတင်းထောက်များအား လည်းကောင်း၊ အမေရိကန်ပြည်ထောင်စု နယူးယောက်တိုင်းမ်စ် သတင်းစာမှ ပင်တိုင်ဆောင်းပါးရှင် မစ္စတာ ဘေလ်ကယ်လာ အားလည်းကောင်း လက်ခံတွေ့ဆုံ၍ မေးမြန်းချက်များကို အကျယ်တဝင့် ရှင်းလင်းဖြေကြားခဲ့ပြီး အမေရိကန် ပြည်ထောင်စုရှိ အကြီးဆုံး ပြတိုက်ကြီးဖြစ်သည့် မက်ထရိုပိုလီတန် အနုပညာပြတိုက်သို့ သွားရောက်လေ့လာခဲ့သည်။

ညနေပိုင်းတွင် မြန်မာ- အမေရိကန် ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ အမေရိကန် ပြည်ထောင်စုတွင် ရောက်ရှိနေသည့် မြန်မာမိသားစုများနှင့် သီးခြားစီတွေ့ဆုံ ခဲ့သည်။

နိုင်ငံတော်သမ္မတသည် စက်တင်ဘာ (၂၉) ရက် နံနက်ပိုင်းတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအား ၎င်း၏နေအိမ်တွင် သွားရောက်တွေ့ဆုံ၍ နံနက်စာကို အတူတကွသုံးဆောင်ခဲ့ သည်။

နံနက်စာ သုံးဆောင်စဉ် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်နှင့် အခြားကုလသမဂ္ဂ အဖွဲ့အစည်းများမှ မြန်မာနိုင်ငံအတွက် နိုင်ငံအလိုက် အစီအစဉ်များ အပြည့်အဝ ပြန်လည် ပေးအပ်ရေး၊ ၂ဝ၁၄ခုနှစ် လူဦးရေနှင့် မြို့ပြစစ်တမ်း ကောက်ယူရေးတွင် သင်တန်းများ၊ နည်းပညာနှင့် ငွေကြေးအကူအညီများ ပေးအပ်ရေး၊ ၂ဝ၁၄ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ကင်းစင်သည့် နိုင်ငံဖြစ်စေရန် ကြိုးပမ်းမှု၊ ဘိန်းအစားထိုး သီးနှံမှဝင်ငွေရရှိလျက် ဘဝရပ်တည်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အား နိုင်ငံတကာ အဆင့်အတန်းနှင့် ကိုက်ညီလာစေရေး၊ ကချင်အပါအဝင် တိုင်းရင်းသား လူမျိုးအားလုံးနှင့် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးအတွက် ကုလသမဂ္ဂ ငြိမ်းချမ်းမှု တည်ဆောက်ရေး ရန်ပုံငွေအဖွဲ့မှ ငွေကြေးနှင့် အခြားအကူအညီများ ပေးအပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရခိုင်ပြည်နယ် အရေးဖြေရှင်းဆောင်ရွက်နေမှုများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဘီဘီစီသတင်းဌာနမှ မစ္စတာ စတီဖင်ဆက်ကာက တည်းခိုရာ ဟိုတယ်သို့ လာရောက်တွေ့ဆုံ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။

မေးမြန်းချက်များအနက် မစ္စတာ စတီဖင်ဆက်ကာက ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ရွေးကောက်ခဲ့လျှင် သမ္မတ ဖြစ်လာနိုင်အောင် ဖွဲ့စည်းပုံကိုပြင်ဆင်ရန် အစီအစဉ်များ ရှိပါသလားဟု မေးမြန်းခဲ့ရာ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်းသည် မိမိတစ်ယောက်တည်း သဘောဖြင့် ပြင်၍မရပါကြောင်း၊ ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် လုပ်ထုံးလုပ်နည်းများမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပင် ပါရှိပြီးသား ဖြစ်ပါကြောင်း၊ ယင်းလုပ်ထုံးလုပ်နည်းအရ လွှတ်တော်ကိုယ်စားလှယ် အများစု ၏ ထောက်ခံမှုနှင့် ပြည်သူလူထု၏ထောက်ခံမှုဟူသည့် ထောက်ခံမှုနှစ်ခု ရရှိမှသာ ပြင်ဆင်၍ ရမည်ဖြစ်ပါကြောင်း၊  ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းသည် လွှတ်တော် ကိုယ်စားလှယ်အများစုနှင့် ပြည်သူလူထု၏ သဘောဆန္ဒပင် ဖြစ်ပါကြောင်းဖြင့် ပြန်လည်ဖြေကြား ခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သာ နိုင်ငံကို ဦးဆောင်ခွင့်ရမည်ဆိုလျှင် လက်တွဲ လုပ်ဆောင်ရန် မျှော်လင့်ထားပါသလားဟု မေးမြန်းမှုနှင့် ပတ်သက်၍လည်း နိုင်ငံတော် သမ္မတက နိုင်ငံ၏ ခေါင်းဆောင် တစ်ယောက်ဖြစ်ရေး၊ မဖြစ်ရေးသည် ပြည်သူ့ သဘောထား ပေါ်မှာသာ မူတည်ပါကြောင်း၊ ပြည်သူ့သဘောထားက လက်ခံသည်ဆိုပါက မိမိကလည်း လက်ခံရမည် ဖြစ်ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မိမိအကြားတွင် မည်သည့်ပြဿနာမျှ မရှိပါကြောင်း၊ ယခုလည်းမိမိတို့ လက်တွဲဆောင်ရွက် နေပါ ကြောင်းဖြင့် ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။  

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်