Subscribe to our RSS Feed

အာဆီယံ ထိပ်သီးအစည်းအဝေးစတင်

From : ..dvb

ဘရူနိုင်းနိုင်ငံ ဘန်ဒါစရီဘာဂါဝန်မြို့မှာ သမ္မတ ဦးသိန်းစိန် ပါဝင်ရောက်နေတဲ့ အာဆီယံ အရှေ့အတောင်အာရှ နိုင်ငံများအသင်းရဲ့ ထိပ်သီးအစည်းအဝေး စတင်ကျင်းပနေပါတယ်။ 

 

၂၃ ကြိမ်မြောက် ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကို ဘီရူနိုင်းနိုင်ငံမြို့တော် ဘန်ဒါစရီဘာဂါဝန်ရဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ဒီနေ့ စတင်ကျင်းပနေတာဖြစ်ပြီး လာမယ့်နှစ်မှာ အာဆီယံ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းယူဖို့ရှိနေတဲ့ မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန် နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်နေတာပါ။

၂ ရက်ကြာကျင်းပမယ့် ဒီထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံ ဆွေးနွေးဖက် နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ ဂျပန်၊ ဩစတြေးလျ နယူးဇီလန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက အစိုးရ ထိပ်တန်းခေါင်းဆောင်တွေလည်း ပါဝင်တက်ရောက်နေတာ ဖြစ်ပါတယ်။

ဆွေးနွေးမယ့်အကြောင်းအရာတွေကတော့ နိုင်ငံရေး၊ စီးပွားရေး၊ ဒေသတွင်းလုံခြုံရေး၊ ဒေသတွင်းနိုင်ငံတွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ တောင်တရုတ်ပင်လယ် အရေးကိစ္စတွေလည်းတွေ ပါဝင်ပါတယ်။

ထိပ်သီးအစည်းအဝေးအတွင်း အာဆီယံ-အမေရိကန်ထိပ်သီးအစည်းအဝေး၊ အာဆီယံ -တရုတ် အရှေ့အာရှထိပ်သီးအစည်းအဝေးတွေနဲ့ နိုင်ငံအချင်းချင်းကြား အစည်းအဝေးတွေလည်း သီးခြားစီပြုလုပ်နေတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲတက်ရောက်လာတဲ့ တရုတ်ဝန်ကြီးချုပ် လီကယ်ကျန်းက တောင်တရုတ်ပင်လယ်ပိုက်နက် အငြင်းပွားမှုကို တိုက်ရိုက်နည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းသင့်ပြီး စေ့စပ်ညှိနှိုင်းမှုတွေ ဆွေးနွေးမှုတွေကနေတဆင့် အဖြေရအောင်ရှာဖို့ တရုတ်နိုင်ငံအနေနဲ့ အမြဲသဘောတူညီမှုရှိတယ်လို့ ညီလာခံမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

တရုတ်နဲ့ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ် စတဲ့နိုင်ငံတွေအကြား တောင်တရုတ်ပင်လယ်အတွင်းက ရေနံသဘာဝဓာတ်ငွေ သယံဇာတတွေ ကြွယ်ဝတဲ့ ကျွန်းတွေ၊ ရေပိုင်နက်တွေနဲ့ ပတ်သက်ပြီး သူပိုင်တယ်၊ ကိုယ်ပိုင်တယ် အငြင်းပွားနေကြတာပါ။

ဆွေးနွေးပွဲတက်ရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကတော့ ဒီဆွေးနွေးပွဲမှာ သမ္မတ အိုဘားမား မတက်ရောက်နိုင်တာဟာ အာဆီယံ ဒေသကို အလေးမထားလို့ မဟုတ်ကြောင်းနဲ့ လက်တလော အမေရိကန်မှာ အစိုးရလုပ်ငန်းတွေ ရပ်တန့်တဲ့အထိ ကြုံတွေ့နေရတဲ့ ဘတ်ဂျတ်ပြဿနာနဲ့ ပတ်သက်ပြီး မစိုးရိမ်ကြဖို့ ပြောကြားသွားပါတယ်။

ဝါရှင်တန်မှာ ဖြစ်နေတဲ့ပြဿနာဟာ နိုင်ငံရေးကိစ္စထက် မပိုတဲ့အကြောင်း၊ အိုဘားမားအစိုးရအတွက် အာဆီယံနဲ့ မိတ်ဖက်ဆက်ဆံရေးဟာ ထိပ်တန်း ဦးစားအပေးအဖြစ် ဆက်ရှိနေမယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပြောကြားရာမှာတော့ မြန်မာပြည်တွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ စိတ်လှုပ်ရှားစရာကောင်းပေမယ့် ပြည့်စုံလုံလောက်ခြင်း မရှိသေးတဲ့အကြောင်းနဲ့ နိုင်ငံရေးအပြောင်းလဲတွေ ဆက်ဖြစ်တာကို မြင်တွေ့ချင်တဲ့အကြောင်း ဘီရူနိုင်းနိုင်ငံမှာ ကျောင်းသားတွေနဲ့ တွေ့ဆုံစဉ် ဂျွန်ကယ်ရီက ပြောသွားပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့လည်း သီးခြားတွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

အာဆီယံမှာ ဘရူးနိုင်း၊ ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ လာအို၊ ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ် ၁၀ နိုင်ငံပါ-၀င်ပြီး လူဦးရေ သန်း ၆၀၀ ကို စားပြုထားတာဖြစ်ပါတယ်။ 

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်