Subscribe to our RSS Feed

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်မည်


From : ခေတ်လူငယ်

(၁၉) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာအား တင်ပြနိုင်ရန် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေးကင်တားနား မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာခရီးစဉ် လာရောက်ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၂၃ ရက်အထိ ဂျနီဖာတွင် ပြုလုပ်မည့် (၁၉) ကြိမ်မြောက် လူ့အခွင့်အရေးဆိုင်ရာ အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ဆန်းစစ်လေ့လာမှုများကို တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော့်အနေနဲ့ အရေးတကြီးကိုင်တွယ် ဖြေရှင်းဖို့လိုတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေ တော်တော်များများရှိပါတယ်။ လူ့အခွင့်အရေး အခြေအနေပေါ်မှာ အရေးပါတဲ့ သက်ရောက်မှုတွေရှိနိုင်တဲ့ ဆုံးဖြတ်ချက်တွေ အစိုးရကချမှတ်နေတာကိုတော့ တွေ့မြင်နေရပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာအတွက် အခြေအနေတွေကို ဆန်းစစ်ခွင့်ရလို့ အစိုးရကို ကျေးဇူးတင်ပါတယ်။ လပိုင်းအတွင်းကျင်းပမယ့် ရွေးကောက်ပွဲကိုလဲ စောင့်ကြည့်နေမှာဖြစ်တယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာကင်တားနားတွေ့ဆုံမှုအပြီးတွင် မစ္စတာကင်တားနားက ပြောသည်။ အဆိုပါ ခရီးစဉ်အတွင်း နေပြည်တော်တွင် တရားရေးဆိုင်ရာ သမ္မတအကြံပေးအဖွဲ့ဝင် ဦးစစ်အေး၊ ပြည်ထောင်စုတရား သူကြီးချုပ် ဦးထွန်းထွန်းဦးအပြင် ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးစသောဝန်ကြီးတချို့နှင့် တွေ့ဆုံးခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ နိုင်ငံရေးပါတီများနှင့် လူမှုအခြေပြု အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်လည်းကောင်း လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်များသို့လည်း လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး လေ့လာရေးခရီး သွားခဲ့ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်အတွင်း မစ္စတာကင်တားနားအနေဖြင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့်လည်း နိုင်ငံရေးအခြေအနေများ၊ လူ့အခွင့်အရေးကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရဥည်။ ထို့ပြင် မစ္စတာကင်တားနားအနေဖြင့် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၅ ရက်အထိ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း လာရောက်ခဲ့စဉ်က လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး အကြံပြုတောင်းဆိုခဲ့သည်များကို ဆောင်ရွက်ခြင်းရှိ မရှိ လေ့လာဆန်းစစ်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ မစ္စတာ ကင်တားနားအား ၂၀၀၈ မေလကစတင်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့ အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်