From : ဘရန်နန်(မိုင်ဂျာယန်)
ကချင်ပြည်နယ်ကြီးတိုးတက်ဖို့ဆိုတာ တစ်ဦးတစ်ယောက်တည်းဆောင်ရွက်ရုံနဲ့ မစွမ်းဆောင်နိုင်တဲ့ အရာဖြစ်လို့ တိုင်းရင်းသားညီအစ်ကိုအားလုံးလက်တွဲပြီး ခိုင်မြဲတဲ့စိတ်ဓါတ်နဲ့ ကြိုးပမ်းဆောင်ရွက်မှ ဖြစ်မယ် ဆိုတာကို ကချင်ပြည်နယ်မှာနေထိုင်တဲ့ ညီနောင်အားလုံး သိကြပြီးဖြစ်မှာပါ။ မတူညီတဲ့ အချက်တွေထဲက တူညီတာတွေကို စုစည်းပြီး ရရှိလာတဲ့ အခွင့်အရေးတွေအပေါ်မှာတိုင်းရင်းသားအားလုံးက စိတ်ဝမ်းမကွဲပဲ ဆောင်ရွက်နိုင် ရမယ်ဆိုတာ ညီနောင်တွေကိုပြောပြဖို့လိုမယ်မထင်ပါဘူး။ ပင်လုံကိုပြန်ကြည့်ရင်လဲ ဗိုလ်ချုပ် အောင်ဆန်းက မတူညီတာတွေကိုဘေးဖယ်ပြီး တောင်တန်းဒေသ ပြည်မမခွဲခြားပဲ အတူတကွလုပ်ဆောင် ခဲ့တာကိုတွေ့ရမှာပါ။
ဒါပေမယ့် ကချင်ပြည်နယ်မှာ ၂၀၁၀ ဇွန်လကနေစပြီးတော့ အေးချမ်းမှုမရှိတော့တာကို ဘာကြောင့်လည်း ဆိုတာ ပြန်လည်စဉ်းစားကြည့်ရမယ့်အချိန်ရောက်နေပါပြီ။ ဟိုအရင် ၁၉၉၄ ခုနှစ်မတိုင်ခင်က ကချင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးမှုတွေနောက်ကျခဲ့ရလို့ ပြည်သူတွေစား၊၀တ်၊နေရေးဆိုတဲ့ အခြေခံလိုအပ်ချက်တွေမှာ ဒုက္ခတွေ ရောက်ခဲ့ကြ ရတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲခဲ့ရတယ်။ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေမရှိခဲ့လို့ အသိပညာ ဖွံ့ဖြိုးမှုတွေနောက်ကျခဲ့ရတယ်။ ရန်ကုန်မှာ ကျောင်းသွားတက်ခဲ့ကြရတယ်။ ၁၉၉၄ ခုနှစ် ရှေ့ပိုင်းကို ပြန်ကြည့်မယ် ဆိုရင်လည်း လမ်းပန်းဆက်သွယ်ရေး တွေခက်ခဲခဲ့တယ်။ မီးရထားနဲ့ လေယာဉ်ကိုပဲ အဓိကအသုံးပြုခဲ့ကြရတယ်။ မြစ်ကြီးနားကနေပြီးတော့ ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ကမ်းမှာရှိတဲ့ ၀ိုင်းမော်၊ ချီဖွေ၊ ဗန်းမော်ကိုသွားချင်တာတောင်မှ တံတားမရှိလို့ ဧရာဝတီမြစ်ကြီးကို ကူးတို့နဲ့ ဖြတ်ကူးခဲ့ ကြရတယ်။ မြစ်ကြီးနားကနေ ဖားကန့်ကို (၁)ပတ်လောက် သွားရပြီးတော့ တနိုင်းကို (၁)လလောက်သွားခဲ့ရတာ ဘယ်တော့မှမမေ့နိုင်တဲ့အရာတွေပါ။ ဒါတွေဟာ ငြိမ်းချမ်းရေး မရခင် ကချင်ပြည်နယ်မှာ ရှိနေခဲ့တဲ့ မဖွံ့ဖြိုးမှုတွေပဲဖြစ်တယ်ဆိုတာ ကချင်ပြည်နယ်က ညီနောင်တွေ မေ့ကြ လိမ့်မယ်လို့မထင်ပါဘူး။
၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၁၆ရက်နေ့ တပ်မတော်အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီးတဲ့နောက်ပိုင်း ကချင်ပြည် နယ် ကြီးရဲ့ တိုးတက်မှုတွေကို မြင်ရတာ လက်ညှိုးထိုးမလွဲပါပဲ။ ဆည်မြောင်းတာတမံကြီးတွေ ၊မီးရထား လမ်းတွေ ၊ ကားလမ်းတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်လာတာ ဘယ်သူမှ မငြင်းနိုင်တဲ့ ငြိမ်းချမ်းရေးရဲ့ ကောင်းမွန်တဲ့ အနှစ်သာရတွေပါ။ ကချင်ပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်အောင် တိုင်းရင်းသားညီနောင်တွေ လက်တွဲလို့ တံတားတွေဆောက်၊ လမ်းတွေဖောက်လို့ တိုင်းပြည်နဲ့ လူမျိုးကို ဂုဏ်တင့်စေခဲ့သလို ကချင်ပြည်သူတွေအတွက် ရွှေလမ်း၊ ငွေလမ်းတွေဖြစ်ခဲ့ရပါတယ်။
စိတ်ကူးနဲ့တောင် ယဉ်ကြည့်လို့မရနိုင်တဲ့၊ မဖြစ်နိုင်တဲ့ ဗလမင်းထင်တံတား ကြီးကို တည်ဆောက်ပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေခဲ့တာလည်း ကချင်ပြည်နယ်မှာနေထိုင်တဲ့ တိုင်းရင်းသားအသီးသီးရဲ့ ဘ၀တွေကို ဖွံ့ဖြိုးတိုးတက်စေခဲ့တယ်။ ဧရာဝတီမြစ်ကြီးကိုဖြတ်လို့ ဗလမင်းထင်တံတား ကြီး ပေါ်ပေါက်လာတဲ့ အတွက် သွားရေးလာရေးတွေဟာ အရင်ကလိုမခက်ခဲတော့ဘဲ လွယ်လွယ်ကူကူ သွားလာ လို့ရနေပါပြီ။ ပူတာအိုမှာ မလိခမြစ်ကိုဖြတ်ပြီးတော့ ကောင်းမှုလုံကြိုးတံတားကြီးကို တည်ဆောက်နိုင်ခဲ့တာကလည်း ငြိမ်းချမ်းရေးရဲ့ အနှစ်သာရကြောင့်ပါပဲ။ ကားလမ်းတွေဟာလည်း အရင်က လမ်းဆိုတဲ့အမည်ပဲရှိပြီး အခုအချိန်မှာ ကွန်ဂရစ် လမ်းကြီးတွေ၊ ကတ္တရာလမ်းကြီးတွေနဲ့ ဖြောင့်ဖြူးလို့သာယာနေခဲ့ပါပြီ။ ဆက်သွယ်ရေးခက်ခဲခဲ့ တဲ့ ကချင်ပြည်နယ် မှာ တာဝါတိုင်တွေထောင်လို့ ဆက်သွယ်မှုလမ်းကြောင်းလည်း ပွင့်စေခဲ့ပြီ။
လျှပ်စစ်မီးဆိုတာလဲ ပူတာအိုမှာရှိတဲ့ ရေအားလျှပ်စစ်စက်ရုံလေးကို အားကိုးနေရပြီးတော့ အခုချိန်မှာ တာပိန်ရေအားလျှပ်စစ် စက်ရုံကြောင့် ဗန်းမော်၊ ရွှေကူ၊ မန်စီ၊ မိုးမောက် ဒေသတွေမှာ ၂၄ နာရီ မီးအမြဲလင်း နေခဲ့ပါပြီ။ ပညာရေးဆိုလည်း ဒီဂရီကောလိပ်တစ်ခုတည်းရှိတဲ့ တို့ပြည်နယ်ကြီးမှာ ဒီနေ့ တက္ကသိုလ်တွေ၊ နည်းပညာကောလိပ်တွေ ပေါ်ပေါက်လာခဲ့တာတွေက ဒို့ပြည်နယ်ရဲ့ ပညာတတ်တွေကို မြန်မာနိုင်ငံတစ်လွှားမှာ တင်မကပဲ ကမ္ဘာမှာပါ ပေါ်ပေါက်စေခဲ့ပါပြီ။
ဒါပေမယ့် ၂၀၁၁ခုနှစ် ဇွန်လ ၉ရက်နေ့ကစပြီး အစိုးရတပ်တွေနဲ့ KIA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတယ်။ ဒို့တတွေရဲ့ ငြိမ်းချမ်းတဲ့ ကချင်ပြည်နယ်ကြီးဟာ အကျည်းတန်ပြီး စစ်မီးလျှံတွေတောက်ခဲ့လို့ ကချင်ပြည်နယ် ကိုချစ်တဲ့ ပြည်သူတွေရဲ့ဘ၀ဟာ အမှောင်အတိကျခဲ့ရတယ်။ မသွားရဲ မလာရဲနဲ့ စား ၀တ် နေရေးအတွက် စီးပွားကိုတောင် ဖြောင့်တန်းအောင်မရှာနိုင်ဘဲ အိမ်မှာကျန်ခဲ့တဲ့သူတွေအတွက် စိတ်ပူရ၊ ခရီးသွားရင်း လူသစ်စုဆောင်ခံရမှာစိုးရိမ်ရနဲ့ အရာရာကို ကြောက်လန့်နေရတယ်။ ငြိမ်းချမ်းရေး အရသာကြောင့် ဖြစ်ထွန်းလာတဲ့ ဖြစ်တည်မှုတွေကို ကိုယ်ကျိုးရှာ စီးပွားရေးအတွက် အမြတ်ထုတ်မှုတွေ ကြောင့် နှစ်ပေါင်းနှစ်ဆယ်ကျော် ငြိမ်းချမ်းမှုနဲ့ လှပခဲ့တဲ့ ကချင်ပြည်နယ်ကြီးက သေနတ်သံတွေ ယမ်းခိုးယမ်းငွေ့ တွေကြားမှာ အမှောင်ဖုံးလို့ အကျည်းတန်မှုက အရေခြုံခဲ့ပါပြီ။ နေရောင်ခြည်ကိုမြင်ရပြီး နေရောင်ရဲ့ အကျိုးကို မခံစားနိုင်တဲ့ လောင်းရိပ်အောက်က သစ်ပင်လေးတွေလိုပါပဲလားလို့တွေးမိပြီး လွန်ခဲ့တဲ့ အနှစ်၂၀ ကာလအတွင်းက ငြိမ်းချမ်းခဲ့တဲ့ ကချင်ပြည်နယ် ကို ပြန်လိုချင်တာ ရင်ထဲက ဆန္ဒတွေပါပဲ။
ဒို့ညီနောင်တေနေထိုင်တဲ့ ကချင်ပြည်နယ်ရဲ့ ဘိုးဘေး တွေဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် အသက်ပေါင်းများစွာစတေးပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ ဒို့ ဘိုးဘေးတွေရဲ့ စိတ်ဓါတ်တွေဟာ ပြတ်သားရဲရင့်ပြီး ခိုင်မာတာကြောင့် ဂျပန်တွေကိုလည်း မမှုခဲ့သလို အင်္ဂလိပ်တွေဝင်လာတဲ့အခါမှာလည်း ရှိသမျှအင်အားကို စုပြီး အံတုခဲ့ကြတယ်။ ဘိုးဘေးတွေရဲ့စိတ်မှာ ပြည်ထောင်စုစိတ်ဓါတ်ဆိုတာကို အလေးထားခဲ့တယ်။ တောင်ပေါ်မြေပြန့် မခွဲခြားပဲ သွေးသားရင်းခြာတွေလို နေထိုင်တိုက်ပွဲဝင်ခဲ့ကြတယ်။ အစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို KIA/KIO အဖွဲ့ကသာ ဒို့တွေရဲ့ ဘိုးဘွားတွေလို ပြည်ထောင်စုကိုချစ်တဲ့စိတ်နဲ့ လက်ခံလိုက်မယ်ဆိုရင် ကချင်ပြည် နယ်ကြီး ငြိမ်းချမ်းသွားမယ်ဆိုတာ အမှန်ပါပဲ။
ကချင်ပြည်နယ်အပါအ၀င် ကျန်တဲ့ ပြည်နယ်တွေ တိုင်းတွေဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းရင်းသားအားလုံး ပါဝင်ဖွဲ့စည်းထားတဲ့ အစိုးရသစ်တစ်ခုကကြိုးပမ်းဆောင်ရွက်နေချိန်မှာ ကချင်ပြည်နယ်ကြီး လွတ်မြောက်ရေး ဆောင်ရွက်နေပါတယ်ဆိုတဲ့ KIO/KIA အဖွဲ့ကြီးရဲ့လုပ်ရပ်တွေက ကချင်ပြည်နယ် တိုးတက်ဖို့အတွက်မဟုတ်ဘဲ သူတို့အာဏာတည်မြဲဖို့အတွက်ပဲ အဓိကအလေးပေးနေပါတယ်။ KIO/KIA ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ပါဝင်ဆောင်ရွက်လိုက်ရင် သူတို့တတွေရဲ့ ဘ၀တွေမရေရာ မသေချာဖြစ်ပြီး စီးပွားရေးတွေ ထိခိုက်လာမှာ၊ ကချင်ပြည်နယ်မှာ နေထိုင်နေတဲ့ ဒို့ညီနောင်တွေ စိတ်ထဲမှာ အရေးမပါတော့မှာ လက်မခံတော့မှာ စိုးရိမ်နေကြတယ်။ အသွင်ကူးပြောင်းရေးနဲ့ ရပ်တည်ရေး လုပ်ငန်းတွေရောထွေးနေပြီး နိုင်ငံရေးလမ်းကြောင်း ပျောက်နေကြတယ်။
ကချင်ပြည်နယ်ကြီးကိုမဆိုထားနဲ့ လက်အောက်မှာရှိတဲ့ KIO/KIA စစ်သည်တွေကိုတောင် လစာမှန်မှန် မပေးနိုင်ဘဲ ခေါင်းဆောင်တွေကတော့ အချမ်းသာကြီးချမ်းသာ စည်းစိမ်တွေအပြည့်အ၀ခံစားပြီး ကွာခြားချက်တွေ အများအပြားရှိနေတာကို ညီနောင်တို့တတွေကြားသိပြီးဖြစ်မှာပါ။ အခွင့်အရေးတိုင်းကိုလည်း ညီတူမျှတူမပေးတဲ့ KIO/KIA အဖွဲ့တွေလက်ထဲ ကချင်ပြည်နယ်ကြီးကိုပုံအပ်လိုက်မယ်ဆိုရင် တို့ညီနောင်တွေကိုရော လူမျိုးအရခွဲခြားပြီး အခွင့်အရေးတန်းတူပေးလိမ့်မယ်လို့ မထင်ပါဘူး။ ဒို့ညီနောင်တွေကအားလုံးက ငြိမ်းချမ်းရေး ပျောက်ပျက်သွားမှာ စိုးရိမ်နေပေမယ့် KIO/KIA ခေါင်းဆောင်တွေက သူတို့ရပ်တည်နိုင်ဖို့ ခိုင်မြဲဖို့အတွက်သာကြည့်ပြီး ကိုယ်ကျိုး ရှေ့ထားစဉ်းစားမှုတွေကြောင့် ဖြစ်လာရတဲ့ ဒုက္ခတွေကို လစ်လျှူရှုပြီးထားခဲ့တာ အခုဆိုရင် (၈ )လ ပြည့်ခဲ့ပါပြီ။
ကချင်ပြည်နယ်ကြီး ငြိမ်းချမ်းမှာကို မလိုလားတဲ့ စီးပွားရေးသမား မှောင်ခိုတွေကလည်း KIO/KIA က လက်ရှိ ခေါင်းဆောင်တွေ လက်ထက်ကျမှ ဒီအဖွဲ့ကြီးပြိုကွဲသွားတယ်ဆိုတဲ့ ဖိအားပေးမှုတွေကြောင့်ရယ်၊ စီးပွားရေးအရထောက်ပံ့နေတဲ့ ဦးဘုန်ဝမ်လရော်၊ ဦးအင်ဘန်လတို့လို လူမျိုးတွေကို KIO/ KIA ကမလွန်ဆန်နိုင်တဲ့ အကြောင်းတရားတွေကြောင့် မှားမှန်းသိပေမယ့် ဆက်လုပ်နေရတယ်ဆိုတာကိုလည်း စာနာနားလည်နိုင်ပါတယ်။ တဘက်နိုင်ငံမှာရှိတဲ့ ဂျိန်းဖောလူမျိုး စီးပွားရေးသမားကုန်သည်တွေအနေနဲ့ကလည်း သူတို့ရဲ့စီးပွားရေးတွေအတွက် ထောက်ခံအားပေးနေတာဆိုတော့ KIO/KIA အဖွဲ့တွေအနေနဲ့ကလည်း မလုပ်ချင်ဘဲနဲ့ သူတို့ရပ်တည်မှုအတွက် ဆက်လက် လုပ်နေကြရတယ်။ KIO ဥက္ကဌကြီး ဦးဇောင်းဟရားဟာ တကယ်တော့ ဦးအင်ဘန်လတို့ကြိုးစွဲရာ ကနေရတဲ့ အရုပ်လေးတစ်ရုပ်ပါပဲ။ ဘာမှ ဆုံးဖြတ်နိုင်စွမ်းမရှိသလို ဦးအင်ဘန်လရဲ့လောင်းရိပ်အောက်မှာ မိနေရှာတဲ့သူလေးပါ။ ကချင်ပြည်နယ် လွတ်မြောက်ရေးအတွက်ဆိုပြီး တိုက်ခိုက်နေကြတဲ့ KIO/KIA အဖွဲ့ကြီးက ကချင်ပြည်နယ်က တိုင်းရင်းသားတွေ ငြိမ်းချမ်းစွာနေနိုင်ဖို့ဆိုတာ တစ်ခုမှမပါတာကို ညီနောင်တွေ သတိထားမိ မှာပါ။
အစိုးရက ဘယ်လိုပဲဆွေးနွေးဆွေးနွေး ကချင်ပြည်နယ်က သယံဇာတတွေကို အသုံးချပြီးကိုယ်ကျိုးရှာ အမြတ်ထုတ်လိုတဲ့ တိုင်းတပါးသား မှောင်ခိုစီးပွားရေးသမားတွေရှိနေသ၍ နိုင်ငံတော်ရဲ့ အခွန်ဘဏ္ဍာတွေ ဆုံးရှုံးရသလို ကချင်ပြည်နယ်လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ KIO/KIA က အတ္တသမား ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေကြောင့် ကချင်ပြည်နယ်ကြီးတိုးတက်မလာနိုင်သလို ငြိမ်းချမ်းရေးရဲ့ အနှစ်သာရကိုလည်း ခံစားရမှာမဟုတ်ပါဘူး။ KIO/KIA ရရှိထားတဲ့ တရားမ၀င်ငွေကြေးတွေနဲ့ ကချင်ပြည်နယ်ကြီး တိုးတက်စေဖို့ ဘာတွေများလုပ်ပေးခဲ့လည်းလို့ ပြန်တွေးတိုင်းမျက်ရည်ကျမိတာလည်း အခါခါပါပဲ။ ကချင်ပြည်နယ် ကြီးအတွက် အခုအချိန်မှာတောင်းဆိုချင်တာ ငြိမ်းချမ်းရေးလေး ပြန်ပေးပါဆိုတာ ပဲလို့ပြောချင်ပါတယ်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်