Subscribe to our RSS Feed

ရန်ကုန်မြို့ရှိ အများပြည်သူများကို ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်မီးပေးမည်

From : ခေတ်လူငယ်


ရပ်နားထားသော သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားစက်ပေး စက်ရုံများအတွက် သုံးစွဲရန် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၇၈ သန်း ပြန်လည်ရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူများကို ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်မီး ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က မေလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။ ''အခု သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေအတွက် သဘာဝဓာတ်ငွေ့ တစ်နေ့ကို ကုဗပေ ၁၇၈ သန်းအထိ စွမ်းအင်ဝန်ကြီးဌာနကနေတိုးပြီး ရရှိလာပါတယ်။ အဲဒီအခါမှာ တစ်ပြည်လုံးမှာရှိတဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ၃၉၅ မဂ္ဂါဝပ်အထိ တက်လာတယ်။ အဲဒါကြောင့် ရန်ကုန်မြို့အတွင်းမှာရှိတဲ့ အများပြည်သူကို လျှပ်စစ်ဓာတ်အား ပိုပေးမယ်။ ည ၁၁ နာရီကနေ မနက် ၅ နာရီအထိ အများပြည်သူကို ညစဉ် လျှပ်စစ်မီး ပေးသွားပါမယ်'' ဟု ပြောကြားခဲ့သည်။ ရန်ကုန်မြို့တွင် အလုံ၊ လှော်ကား၊ သာကေတ၊ ရွာမ မြို့နယ်များ၌ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများရှိပြီး ၎င်းတို့မှာ လည်ပတ်လျက်ရှိသည်။ နယ်မြို့များရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအချို့မှာ သဘာဝဓာတ်ငွေ့ မရရှိမှုကြောင့် ရပ်နားထားရကြောင်း သိရှိရသည်။ ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ပို့လွှတ်လျက်ရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းကြားရှိ ၂၃၀ ကေဗွီ ရွှေလီ-မန်စံ ဓာတ်အားလိုင်းမှ တာဝါတိုင်များသည် မေလ ၁၈၊ ၁၉ ရက်နေ့များတွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။ ထို့ကြောင့် ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၂၀၀ မဂ္ဂ၀ပ်ခန့်ကို မရရှိတော့သဖြင့် မေလ ၂၁ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့အတွင်းရှိ အများပြည်သူများကို အလှည့်ကျ မီးပေးစနစ်ဖြင့် လျှပ်စစ်မီးပေးဝေခဲ့ရကြောင်း သိရှိရသည်။ လျှပ်စစ်တာဝါတိုင်များ ပြန်လည်ပြုပြင်ရာတွင် ရွှေလီ-မန်စံ ဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် ၇၃၊ ၂၀၆၊ ၂၀၈ နှင့် ကွန်ကရစ်တိုင် အမှတ် ၂၄၉ အား ပြန်လည်ပြင်ဆင်မှု လုပ်ငန်းများ ၁၀၀ ရာနှုန်း ပြီးစီးသွားပြီဖြစ်ကြောင်း၊ တာဝါတိုင်အမှတ် ၂၀၇ ပြုပြင်မှုမှာ ၆၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း မေလ ၂၉ ရက်နေ့က အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ   သိရှိရသည်။
 

 Myanmar Express 

1 comments:

What the hell? What will you do if you get the electricity at sleeping time?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်