Subscribe to our RSS Feed

ရခိုင်ပြည်နယ်အတွင်းလက်ရှိရရှိထားပြီဖြစ်သည့် အခြေအနေကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုအခြေအနေများ ပိုမိုတိုးတက်ကောင်း


ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်အချို့တွင် လတ်တလော ဖြစ်ပွားပေါ်ပေါက်ခဲ့သော အခြေအနေ အရပ်ရပ်ကြောင့် ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံး ပြန် လည်ဖော်ဆောင် ပေးနိုင်စေရန်အတွက် ဇွန်လ (၁၀)ရက်နေ့မှစ၍ အရေးပေါ် အခြေအနေကြေညာပြီး တပ်မတော်၏ အကူအညီကိုရယူကာ ထိန်းသိမ်းစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့ ပူးပေါင်းပြီး အဘက်ဘက်မှ ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ယခုအခါ ရခိုင်ပြည်နယ်အတွင်း လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှု အခြေအနေများ တိုးတက်ကောင်းမွန်လာလျက် ရှိသည့်အပြင် မူလအခြေအနေသို့ ပြန် လည် ရောက်ရှိစေရေးအတွက် ဥပဒေနှင့်အညီ ဆက်လက်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ ဆူပူအကြမ်းဖက်မှုများကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး လတ် တလောဒုက္ခနှင့် ရင်ဆိုင်နေကြရသည့် ဒေသခံ ပြည်သူများ အတွက်လည်း ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်လက်ခံပြီး လတ်တလော စားသောက်ရေး၊ နေထိုင်ရေး၊ ကျန်းမာရေး ကိစ္စများကို ကူညီ ပံ့ပိုး စောင့်ရှောက်ပေးလျက်ရှိသည်။ ကျေးရွာများ ပြန်လည်ထူထောင်ရေးအတွက် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဒေသအေးချမ်း တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်ရမည့် အစီအမံများကိုလည်း စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် နိုင်ငံတစ်ဝန်းလုံးရှိ စေတနာရှင် ပြည်သူများကလည်း ကယ်ဆယ်ရေးစခန်းများရှိ ဒေသခံပြည်သူများအတွက် စေတနာမေတ္တာအပြည့်ဖြင့် ဝိုင်းဝန်းပံ့ပိုး ကူညီလှူဒါန်းမှုများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိကြသည်။ သို့ပါ၍ ရခိုင်ပြည်နယ်အတွင်း လက်ရှိရရှိထားပြီး ဖြစ်သည့် အခြေအနေကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှု အခြေအနေများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ပြည်သူများ၊ မီဒီယာများ အားလုံးက ပူးပေါင်းလက်တွဲ ထိန်းသိမ်း ဆောင်ရွက်သွားကြပါရန် သက်ဆိုင်ရာက နှိုးဆော်ထားကြောင်း သတင်းရရှိသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်