From : Kyaw Min Swe
အခုရက်ပိုင်းအတွင်း ဥပဒေပြုလွှတ်တော်နဲ့ အစိုးရအုပ်ချုပ်ရေးအဖွဲ့အကြား နားလည်မှုလွဲနေတဲ့ ပြဿနာတစ်ခုဖြစ်နေတယ်။ လွှတ်တော်တွေက ဖွဲ့စည်းတဲ့ ရေးရာကော်မတီတွေကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဟုတ်မဟုတ် ဆိုတဲ့အပေါ် အငြင်းပွားကြရာက သမ္မတကိုယ်စား ရှေ့နေချုပ်ရုံးက တင်ပြတဲ့အပေါ်မူတည်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ကြားဝင်ဆုံးဖြတ်ပေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကိုးအကားပြုပြီး ပြည်ထောင်စုအဆင့်အ
ဖွဲ့အစည်း မဟုတ်ဘူးလို့ ခုံရုံးက ဆုံးဖြတ်လိုက်တဲ့အတွက် နှစ်ဖက်အကြား တင်းမာမှုအရှိန်မြင့်သွားခဲ့တယ်။
ဒီပြဿနာမှာ လွှတ်တော်၊ နိုင်ငံတော်သမ္မရုံး၊ ရှေ့နေချုပ်ရုံးနဲ့ အခြေခံဥပဒေဆိုင်ရာ ခုံရုံး တို့ ပါဝင်ပတ်သက်နေတယ်။ လွှတ်တော်ဆိုတာ နိုင်ငံတော်မှာရှိတဲ့ အမြင့်ဆုံး ဥပဒေပြုအဖွဲ့အစည်း၊ နိုင်ငံတော်သမ္မတဆိုတာ အုပ်ချုပ်ရေးအာဏာရဲ့ အမြင့်ဆုံး၊ တာဝန်အရှိဆုံးပုဂ္ဂိုလ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးဆိုတာ နိုင်ငံတော်ရဲ့ အမြင့်ဆုံး တရားရုံးလို့ ဆိုနိုင်တယ်။ ရှေ့နေချုပ်ရုံးကတော့ အစိုးရအဖွဲ့ကို ဦးစီးဦးဆောင်လုပ်တဲ့ သမ္မတရဲ့ ဥပဒေအကြံပေးနဲ့ ဥပဒေဆိုင်ရာတာဝန်တွေ ထမ်းဆောင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်သဘောတူညီမှုနဲ့ သမ္မတက တိုက်ရိုက် ခန့်ထားသူ။ တကယ်တော့ သမ္မတရယ်၊ သမ္မတရုံးရယ်၊ ရှေ့နေချုပ်ရယ်ဆိုတာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရပြောရင် အတူတူပဲလို့ ဆိုရမယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက တကယ်တော့ အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို အနက်အဓိပ္ပါယ်ဖွင့်ပေးတာ၊ ကျန် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ပြဌာန်းတဲ့ဥပဒေတွေကို အခြေခံဥပဒေနဲ့ ညီမညီ စိစစ်ပေးတာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ခဲ့ရင် ဆုံးဖြတ်ပေးတာ၊ ပြည်ထောင်စုနယ်မြေတွေနဲပတ်သက်ပြီး သမ္မတကအကြောင်းကြားလာတဲ့ ကိစ္စရပ်တွေကို စိစစ်ဆုံးဖြတ်ပေးတာ စတဲ့ တာဝန်တွေ ထမ်းဆောင်ရတဲ့ ခုံရုံး။ ဒီခုံရုံး အဖွဲ့ဝင်တွေကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ နိုင်ငံတော်သမ္မတတို့က ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ် သုံးယောက်စီ၊ ပေါင်း ကိုးယောက်နဲ့ ဖွဲ့စည်းထားတယ်။
ဒီခုံရုံးက ပြီးခဲ့တဲ့ ၂၀၁၁မှာ သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ခုချပေးနိုင်ခဲ့တယ်။ အဲဒါက လူနည်းစုတိုင်းရင်းသား သတ်မှတ်ဦးရေရှိတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရက ဝန်ကြီးအဆင့် မသတ်မှတ်တဲ့အတွက် အငြင်းပွားမှုဖြစ်ခဲ့တဲ့အပေါ် ခုံရုံးက အခြေခံဥပဒေအကိုးအကားနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အဆင့် ဝန်ကြီးတွေအဖြစ် သတ်မှတ်ပြီး အဆင့်နဲ့ ညီတဲ့ လစာ၊ အဆောင်အယောင်တွေ ခံစားခွင့်ပြုကြောင်း ဆုံးဖြတ်ချက်ချပေးခဲ့တာဘဲ။ အဲဒီတုန်းက ထူးခြားတာတစ်ခုက ရှေ့နေချုပ်ရုံးရဲ့ ကွင်းဆင်းစစ်ဆေးချက်က ခုံရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ဆန့်ကျင်ဖက်ဖြစ်နေတာဘဲ။ ရှေ့နေချုပ်ရုံးက တိုင်းရင်းသားရေးရာဝန်ကြီးတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးရဲ့ တခြားဝန်ကြီးတွေနဲ့ တစ်တန်းတည်း ဝန်ကြီးအဆင့် မသတ်မှတ်သင့်ဘူးလို့ သူ့အစီအရင်ခံစာမှာ မှတ်ချက်ပေးခဲ့တယ်။ ဒါပေမယ့် အခြေခံဥပဒေခုံရုံးက မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးနိုင်ခဲ့တယ်။
ဒီနေ့ဖြစ်နေတဲ့ ပြဿနာမှာလည်း ရှေ့နေချုပ်ရုံးရဲ့ အစီရင်ခံစာကို အခြေပြုပြီး အခြေခံဥပဒေနဲ့ ညီမညီ ခုံရုံးက ဆုံးဖြတ်ပေးတာပဲ။ အဲတော့ အရင် ပြဿနာနဲ့ နှိုင်းယှဉ်ကြည့်ရင် ရှေ့နေချုပ်ရုံးရဲ့ မှတ်ချက်နဲ့ အစီအရင်ခံစာက အဓိကနေရာက ပါနေတယ်။ ရှေ့နေချုပ်ရုံးရဲ့ ဥပဒေရေးရာ ကျွမ်းကျင်မှုကို မေးခွန်းထုတ်စရာရှိနေတယ်။ ဒါတင်မကသေးဘူး။ အစိုးရသစ်အဖြစ်တာဝန်ယူကာစကလည်း ဒီလိုပဲ။ နိုင်ငံတော်သမ္မတအနေနဲ့ ဘယ်လောက်ပဲ တိုင်းပြည်နဲ့ ပြည်သူအတွက် စေတနာနဲ့လုပ်ချင်နေပါစေ နိုင်ငံတော်နဲ့ချီတဲ့ အရေးကိစ္စတွေမှာ အခြေခံဥပဒေရဲ့ အပြန်အလှန် ထိန်းညှိတဲ့ သဘောအရ ပြည်ထောင်စုလွှတ်တော်ကို အနိမ့်ဆုံးအဆင့် အသိပေးပြီးမှ လုပ်ရတယ်။ အဲလိုမဟုတ်ရင် အခြေခံဥပဒေကို ကျော်လုပ်သလိုဖြစ်သွားတတ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အုပ်ချုပ်ရေးအာဏာရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်၊ သမ္မတရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် အသေအချာ ပြဌာန်းထားပြီးသား။ ရှေ့နေချုပ်ရုံးက အဲဒီအချက်ကို သေချာလေ့လာသုံးသပ်ထားရမှာ။ ၂၀၁၁ထဲမှာ အင်မတန်ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကို သမ္မတလုပ်ခဲ့တယ်။ ဥပမာ- နိုင်ငံ့ဝန်ထမ်းဟောင်းတွေရဲ့ အငြိမ်းစားလစာငွေပြင်ဆင်သတ်မှတ်တာ၊ နိုင်ငံခြားဝင်ငွေရှိသူတွေကို စည်းကြပ်တဲ့ အခွန်နှုန်းထားတွေပြင်ဆင်တာ။ အဲဒီကြေညာ ထုတ်ပြန်ချက်တွေ၊ ဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်ဆီ အကြောင်းမကြား၊ အသိမပေးခဲ့ဘူး။ ဒါက ဘာကိုပြလဲဆိုရင် သမ္မတရဲ့ ဥပဒေရေးရာ အကြံပေးတွေရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်ရည်ကို အကဲခပ်လို့ရတဲ့ အဖြစ်အပျက်တွေပေါ့။
နိုင်ငံတော်သမ္မတကြီးကတော့ အင်မတန် ရိုးသားဖြောင့်မတ်ပြီး နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးအပေါ် အင်မတန် စေတနာရှိတဲ့သူ၊ ကိုယ်ကျင့်တရား ကောင်းမွန်သူ၊ စိတ်နှလုံးသိမ်မွေ့သူဖြစ်တယ်ဆိုတာ ချွင်းချက်မရှိယုံကြည်တယ်။ ကျနော် စိုးရိမ်တာက သမ္မတကြီးအနားမှာ အရပ်ရပ်ဆိုင်ရာ အကြံပေးတာဝန်ကို ထမ်းဆောင်နေကြတဲ့ ပညာရှင်ဆိုသူတွေရဲ့ အရည်အချင်း။ သူတို့အားလုံးမှာ တကယ်ကော နိုင်ငံတကာအဆင့်မှီတဲ့ အရည်အချင်းတွေ ကိုယ်စီကိုယ်ငှ ရှိကြရဲ့လား။ ဒီလိုပြောလို့ သူတို့ကို ကျနော်ပုဂ္ဂိုလ်ရေးအရ ဘာသဘောမှ မပါတာကိုတော့ ကျနော် သစ္စာပြုနိုင်တယ်။ နိုင်ငံတော်သမ္မတကြီးဆိုတာ ဒီနိုင်ငံ၊ ဒီနိုင်ငံသားတွေအားလုံး တက်စီးနေတဲ့ ယာဉ်ကို ဦးတည်ရာ ပန်းတိုင်ရောက်အောင် ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်တွေကိုယ်စား၊ အုပ်ချုပ်ရေးမဏ္ဍိုင်ကိုယ်စား ပို့ဆောင်မောင်းနှင်ပေးမယ့် ယာဉ်မောင်းပါလား။ ဆိုတော့ ဒီယာဉ်မောင်း လမ်းကြောင်းတည့်အောင် အကူအပံ့ပေးရမယ့် သူတွေရဲ့ အရည်အချင်းက ဘယ်လောက်အရေးကြီးလိုက်သလဲလို့။ ဒါကြောင့် သမ္မတကြီး ဘေးက စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံခြားရေး အကြံဉာဏ်ပေးကြသူတွေရော အကောင်အထည်ဆောင်ရွက်သမျှ ဥပဒေနဲ့အညီဖြစ်အောင် ဥပဒေရေးရာ အကြံပေးရတဲ့သူတွေကော ပညာရှင်ပီပီသသ၊ သဘောထားကြီးကြီး၊ ရင့်ရင့်ကျက်ကျက်၊ သိက္ခာသမာဓိရှိရှိ၊ ရိုးရိုးဖြောင့်ဖြောင့်၊ စေတနာမှန်မှန် လူတွေ ဖြစ်ဖို့ လိုတယ်။ ဒီကိစ္စ သိပ်အရေးကြီးပါတယ်။
အင်မတန် သဘောကောင်း၊ သဘောလွယ်၊ ညှာတာထောက်ထားစိတ်အပြည့်ရှိ၊ ရိုးသားဖြောင့်မတ်၊ တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံစိတ်အပြည့်ရှိတဲ့ သမ္မတကြီး အရောင်အဆိုးခံရမှာ ကျနော်တော်တော်စိုးရိမ်တယ်။ ဒီ့ထက်တစ်ဆင့်တက်ပြီး ပုဂ္ဂိုလ်ရေးစိတ်၊ အဖွဲအစည်း အသင်းအပင်းစိတ်၊ သူ့လူ၊ ငါ့လူစိတ်၊ သူ့ဘက်၊ ငါ့ဘက်စိတ်နဲ့ မာနချင်းပြိုင်ပြီး သူရှုံး-ငါနိုင် လုပ်ကြရင် " ဒီမိုကရေစီကနုနု မုန်တိုင်းက ထန်ထန်" ဆိုတဲ့ ဆရာကျော်ဝင်း စကားနဲ့ပြောရင်"ဘေးက ရပ်ကြည့်နေသူတစ်ဦးရဲ့ စိုးရိမ်သောက" လို့ ဆိုရမယ်။ ကျနော်တွေးတာ၊ ကောက်ချက်ချတာ၊ သုံးသပ်တာ မှားနေရင်၊ လွဲနေရင်၊ တိမ်းစောင်းနေရင် ပြင်ပေးကြပါ။ ကျနော့်လိုပဲ နိုင်ငံချစ်စိတ်ရှိသူအားလုံး အခုကိစ္စအပေါ် စိုးရိမ်နေကြမယ်လို့ ထင်ပါတယ်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်