From : ခေတ်လူငယ်
ကိုးကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံက ဂုဏ်ထူးဆောင်နိုင်ငံ (Country of Honor) အဖြစ် အာဆီယံနိုင်ငံများကိုယ်စား ဦးဆောင်ပါဝင် ပြသမည်ဖြစ်ကြောင်း သိရသည်။ ကိုးကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့၌ စက်တင်ဘာလ ၂၁ ရက်မှ ၂၅ ရက်ထိ ကျင်းပမည်ဖြစ်ကြောင်း၊ ထိုပြပွဲသို့ တက်ရောက်လေ့လာလိုသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသိးသီးရှိ သမဝါယမအသင်းများနှင့် မြန်မာကုမ္ပဏီ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးဌာနခွဲ ကုန်စည်ပြပွဲ ဌာနစိတ်နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ပြပွဲဌာနသို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။ ပြပွဲသို့ တက်ရောက်လေ့လာခြင်း အားဖြင့် တရုတ်- အာဆီယံ နိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် တိုက်ရိုက် ချိတ်ဆက်နိုင်ခြင်း၊ ပြပွဲဆိုင်ရာ ဗဟုသုတများ ရရှိစေခြင်း၊ တရုတ်ဈေးကွက်သို့ မိမိနိုင်ငံရှိ ပစ္စည်းများ ဈေးကွက် ထိုးဖောက်နိုင်ခြင်း၊ ပြပွဲကာလအတွင်း ခရီးသွားလုပ်ငန်းများ မြှင့်တင်ရေး အစီအစဉ် ရှိရာ ဈေးနှုန်းသက်သာစွာဖြင့် တရုတ်ပြည်အတွင်းရှိ ကမ္ဘာကျော် ခရီးသွားဒေသများကို လေ့လာနိုင်ခြင်း၊ ခရီးစဉ်တစ်လျှောက် တရုတ်နိုင်ငံရှိ ဒေသများ၊ ပြည်နယ်များ၏ ရိုးရာယဉ်ကျေးမှု စရိုက်များ မျက်မြင်လေ့လာနိုင်ခြင်း၊ တရုတ်မြို့ပြဆိုင်ရာ ဆောက်လုပ်ရေးဆိုင်ရာ တိုးတက်မှုများကို သိရှိလေ့လာနိုင်ခြင်း၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့် အလမ်းကောင်းများကို ရရှိစေမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်