ရခိုင်ပြည်နယ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားသည့် (ALP) အဖွဲ့သည် စစ်တွေ၊ မောင်တော၊ ပလက်ဝ၊ ရန်ကုန်နှင့် မြ၀တီ မြို့များတွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခွင့်ရရှိထားသည်ဟု ဆိုသည်။
၎င်းသဘောတူညီချက်ကို ရခိုင်ပြည်နယ်တွင် ဧပြီလ ၅ ရက်နေ့ကတည်းက လက်မှတ်ရေးထိုးထားသော်လည်း လောလောဆယ်တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ဘင်္ဂလီမူဆလင်အကြမ်းဖက်မှုပြသနာများကြောင့် (ALP) ဆက်ဆံရေးရုံးများဖွင့်လှစ်ရန်ကိစကို ယာယီဆိုင်းငံ့ထားရန် အစိုးရဖက်မှ အကြောင်းကြားထားသည်ဟု သိရသည်။
"ကျွန်တော်တို့ဘက်က ရုံးဖွင့်ဖို့အတွက် အားလုံးအဆင်သင့် ဖြစ်နေပါပြီ။ ရုံးအဖွဲ့ဝင်တွေကိုလည်း စေလွှတ်ထား ပြီးပြီ။ ရခိုင်ပြည်နယ် အခြေအနေတည်ငြိမ်လို့ အစိုးရဘက်က ကမ်းလှမ်းလာတာနဲ့ ကျွန်တော်တို့ ကျောက်တော် မြို့မှာ ALP ဆက်ဆံရေးရုံးကို ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။”ဟု (ALP) အထွေထွေ အတွင်းရေးမှူး (၂) ဦးခိုင်သုခက နိရဉ္စရာသတင်းကို ပြောကြားခဲ့သည်။
ALP အဖွဲ့သည် ၄င်းတို့ ရောက်ရှိနေသည့်နေရာတိုင်းတွင် တခြားပါတီအဖွဲ့အစည်းများ ပြိုကွဲပျက်စီးရန် နည်းမျိုးစုံသုံးကာ အကောက်ကြံဖျက်ဆီးတတ်လေ့ ရှိသောကြောင့် ရခိုင်တော်လှန်ရေး၏ " ခြ " အဖြစ် ပြည်ပတွင် လူသိများနေကြောင်း သိရသည်။
"အခုဆိုရင် ရခိုင်ပြည်အတွင်းမှာ ရခိုင်နိုင်ငံရေးပါတီနှစ်ခုဖြစ်တဲ့ Rakhine Nationalities Development Party (RNDP) နဲ့ Arakan League for Democracy (ALD) တို့ တဖွဲ့တပါတီ ဖြစ်ရေးကြိုးပမ်းနေကြတဲ့အချိန်မှာ ALP လို ညီညွတ်ရေးကို မုန်းတီးတဲ့ လက်နက်ကိုင် လွတ်လပ်ရေးနာမည်ခံပြီး လူတစုကောင်းစားရေးကိုသာ လုပ်ဆောင်နေတဲ့သူတွေ ပြည်တွင်းမှာ အခြေစိုက်လို့ရှိရင် ရခိုင်ပြည်သူလူထုအတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေပဲပိုများလာမှာဘဲ" ဟု ရခိုင်နိုင်ငံရေးလေ့လာသူတဦးက ပြောသည်။
"ALP ပါတီဟာ ရည်ရွယ်ချက်ကောင်းပြီး ပါဝင်လုပ်ကိုင်နေတဲ့ လူငယ်တွေ တပ်မှုးတွေဟာလည်း အမျိုးသားရေးအတွက် အမှန်တကယ် အနစ်နာခံလုပ်လိုတဲ့ သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်နေရာကိုယူထားသူတွေဟာ ကိုယ်ကျိုးအတွက် ချယ်လှယ်ထားတဲ့အတွက် သူတို့အဖွဲ့ဟာ လက်နက်ကိုင်ဆိုပေမယ့် နာမည်ခံအဆင့်လောက်သာ ရှိပါတယ်။ မယ်မယ်ရရ ဘာတိုက်ပွဲတပွဲမှ တိုက်ဖူးတာမရှိပါဘူး။ ဥပမာ ALP ဒုဥကဌ ခိုင်စိုးနိုင်အောင်အောင်ရဲ့ ချမ်းသာမှုဟာဆိုရင် မြန်မာဗိုလ်ချုပ်ကြီးလေးဦးပေါင်းရဲ့ကြွယ်ဝမှုထက်သာပါတယ်။ ပါတီအဖွဲ့အစည်းအတွက် တကျပ်တပြားမှ အကုန်အကျခံတာမရှိဘဲ ရသမျှကို အိတ်ထဲကိုပဲ ထည့်ထားတဲ့ ခေါင်းဆောင်တွေ ဖြစ်ပါတယ်" ဟု ၄င်းကဆက်လက်ပြောကြားသွားသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) Arakan League for Democracy (ALD-Exile) ဥကဌ ဦးအောင်ဝင်းကလည်း " ALP က ထိပ်တန်းနေရာကိုယူထားတဲ့ ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေအားလုံးနဲ့ဆိုရင် စစ်သည်အင်အားသောင်းချီပါဝင်တဲ့ အင်အားကြီးမားတဲ့ စစ်တပ်ကြီးတစ်တပ်တောင် တည်ထောင်လို့ ရပါတယ်" ဟု ဖေဘုတ်ဆွေးနွေးခန်းတခုတွင် မကြာခင်က ထုတ်ဖေါ်ရေးသားခဲ့သည်။
ALP တပ်မှုးဟောင်းတဦးကလည်း "ဒီ ALP ကိုအဓိကချယ်လှယ်နေတဲ့ ခေါင်းဆောင်ဆိုတဲ့လူတွေဟာ သူတို့ကိုအပြုသဘောဝေဖန်တာတို့၊ အကြံပေးတာတို့ကို လုံးဝမလိုလားဘူး၊ မှန်တာဖြစ်ဖြစ် မှားတာဖြစ်ဖြစ် ပြောလာတဲ့လူကို သေဒါဏ်ပေးတော့တာဘဲ။ ဥပမာတခုပြောရရင် ကျဆုံးသွားပြီဖြစ်တဲ့ ရခိုင်ခေါင်းဆောင် ဗိုလ်ချုပ်ခိုင်ရာဇာဟာ ALP ပါတီမှာ တာဝန်ထမ်းဆောင်နေစဉ် သူရဲ့ယုံကြည်ချက်တခုကို တင်ပြခဲ့လို့ သေဒါဏ်ချမှတ်ခံခဲ့ရပါတယ်။" ဟု ပြောသည်။"ခိုင်စိုးနိုင်အောင်ဆိုရင် သူ့ရဲ့လက်ကိုင်တုတ်အဖြစ် တပည့်တွေမွေးထားတယ်၊ သူ့ကိုဝေဖန်သူဆိုရင် ခွေးနဲ့စို့ထိုးသလို ကိုက်ခိုင်းတော့တာပဲ။ နိုင်ငံရေးအရ လိုအပ်တာတခုကို အပြုသဘောနဲ့ ဝေဖန်တာလား။ ပုဂိုလ်ရေးစော်ကားတာလားဆိုတာကို မခွဲခြားဘူး။ အရိုးအရင်းကိုက်နေရတဲ့ ခွေးဆိုတာ မှန်တာမှားတာမစဉ်းစားဘူး၊ သူ့ကိုအရိုးကျွေးသူ ခိုင်းတာကို လုပ်တော့တာဘဲ" ဟု ၄င်း ALP တပ်မှုးဟောင်းက သူ့အတွေ့အကြုံကို ပြောပြသွားသည်။
ALP ပါတီသည် ၄င်းအဖွဲ့ကို စတင်တည်ထောင်ခဲ့သည့် ပထမဆုံးဥကဌခိုင်မိုးလင်း ကျဆုံးသည့်အချိန်မှစပြီး နောက်ထပ်ဆက်လက် လုပ်ဆောင်နေသည့် ခေါင်းဆောင်တချို့က ပါတီစွဲပုဂိုလ်စွဲမူဝါဒကို ပုံသေထားကာ တခြားရည်ရွယ်ချက်တူ၊ လုပ်ငန်းတူ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းမရှိသည့်အပြင် တခြားအဖွဲ့အစည်းများကို နည်းလမ်းမျိုးစုံဖြင့် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
၁၉၉၁ ခုနှစ်တွင် ရခိုင်တော်လှန်ရေးအဖွဲ့အစည်းများ တဖွဲ့တည်းအဖြစ်ပေါင်းစည်းပြီး ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦး National United Front of Arakan (NUFA) ကို ဖွဲ့စည်းရာတွင်ပါတီအဖွဲ့အစည်းများက မိမိတို့အဖွဲ့ကိုယ်စီကိုဖျက်သိမ်းပြီး လူသူလက်နက်အားလုံးဖြင့် ပူးပေါင်းပါဝင်ခဲ့သော်လည်း AIO အဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်လှိုင်ကို NUFA ၏ ဥကဌအဖြစ် အများသဘောတူရွေးချယ်လိုက်ကြသောအခါ ALP မှာမကျေမနပ်ဖြစ်ကာ ၄င်းတို့အဖွဲ့အစည်းဝင်တချို့ကို လက်နက်များဖြင့် အိန္ဒိယ မြန်မာနယ်စပ်သို့ လျှို့ဝှက်စေလွှတ်ပြီး စာရင်းဖျောက်ထားခဲ့သည်။ ထို့နောက် (NUFA) ကို အတွင်းတမျိုး အပြင်တမျိုး နည်းမျိုးစုံဖြင့် ပြိုကွဲသည်အထိ့ ဖျက်ဆီးခဲ့ပြီး အိန္ဒိယနယ်စပ်တွင် လျှို့ဝှက်ထားသည့်တပ်ဖြင့် (ALP) ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
၁၉၉၆ ခုနှစ်တွင်တခါ တစစီပြန့်ကြဲနေသည့် ရခိုင်အမျိုးသားအင်အားစုများဖြစ်သည့် ဦးပတီးဖြူဦးဆောင်သည့် ခမီးအမျိုးသားပါတီ Tribal National Party (TNP)၊ ဦးဦးခင်မောင် (သြစတြေးလျား)နှင့် ဦးသိန်းဖေတို့ ဦးဆောင်သည့် ရခိုင်ပြည်ကွန်မြူနစ်ပါတီ Arakan Communist Party (ACP)၊ ဗိုလ်မှုးစောထွန်းနှင့် ဒေါက်တာခင်မောင်တို့ ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးအဖွဲ့ Arakan Independent Organization (AIO) ဦးကြာဖြူအောင်နှင့် ဗိုလ်ချုပ်ခိုင်ရာဇာတို့ ဦးဆောင်သည့် ရခိုင်တပ်မတော် Arakan Army (AA) တို့ကို တစည်းတလုံးတည်းပေါင်းစည်းပြီး ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးပါတီ National United Party of Arakan (NUPA) ကို ဖွဲ့စည်းသည့်အခါတွင်လည်း ALP က ပါဝင်ရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ပေါင်းစည်းရေးအတွက် ညီလာခံကျင်းပရန် ဘင်္ဂလား-မြန်မာနယ်စပ်မှ အိန္ဒိယနယ်စပ်သို့ တပ်ပြောင်းလာကြသည့် ရခိုင်တပ်ဖွဲ့အားလုံးကို လက်ဦးမှုရယူပြီး အပြတ်ရှင်းပစ်ရန် ထိုင်းနိုင်ငံတွင်နေထိုင်သည့် ALP ဒုဥကဌ ခိုင်စိုးနိုင်အောင်က ညွန်ကြားခဲ့ကြောင်းလည်း သိရသည်။
နောက်ဆုံး ALP ဖြိုခွဲဖျက်ဆီးမှုကြောင့် နလံမထူနိုင်အောင်ဖြစ်ခဲ့ရပြီး နာမည်အဖြစ်သာ ကျန်ရှိတော့သည့် ရခိုင်တပ်ပေါင်းစုမှာ ၂၀၀၄ ခုနှစ်တွင် ရခိုင်အမျိုးသားတော်လှန်ရေးအင်အားစုများအပြင် ရဟန်းတော်များ၊ အမျိုးသမီးအဖွဲ့များ၊ လူငယ်ကျောင်းသားအဖွဲ့များအပြင် ရခိုင်ပြည်၏လူထုလူတန်းစား အလွာအသီးသီးမှ ကိုယ်စားပြုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ရခိုင်ပြည်အမျိုးသားကောင်စီ Arakan National Council (ANC) ဖြစ်ကြောင်းသိရသည်။
1 comments:
ဘာ ပဲ ဖြစ် ဖြစ် အ ခု လို ပ ဋိ ပ က္ခ တွေ ဖြစ် နေ ချိန် မှာ ရ ခိုင် လက် နက် ကိုင် တပ် ဖွဲ့ တွေ က ရ ခိုင် လူ မျိုး တွေ ရဲ့ တစ် ခု တည်း သော ကောက် ရိုး မျှင် ပါ ။ အ ခု လွှတ် တော် ကို တင် သွင်း တဲ့ ရ ခိုင် ပ ဋိ ပ က္ခ သုံး သပ် ချက် ကို တော့ ရ ခိုင် လူ မျိုး တစ် ယောက် အ နေ နဲ့ လုံး ၀ ကန့် ကွက် ပါ တယ် ။ သ မ္မ တ ကြီး ကို ထောက် ခံ ပြီး အ လံ လွှင့် ထူ ခဲ့ သ မျှ သဲ ထဲ ရေ သွန် မ ဖြစ် ချင် ပါ ဘူး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်