From : ခေတ်လူငယ်
ဗိုလ်တထောင် ဆိပ်ကမ်းအား မြစ်လယ်သို့ မြေဖို့ပြီး ဆိပ်ကမ်းမြေနေရာ တိုးချဲ့ကာ ရေပေါ်ဟိုတယ် ဧရိယာ အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ ဗိုလ်တထောင်ဆိပ်ကမ်းအား မြေနေရာ တိုးချဲ့ရာတွင် ဗိုလ်တထောင် ဆိပ်ကမ်း အမှတ်(၃) ဘောတံတားမှ အမှတ်(၁) ကုန်းတွင်း ကုန်သေတ္တာစင်ထိပ်ထိ ကမ်းနားတစ်လျှောက်အား ရေကာတံတိုင်း ဆောက်လုပ်၍ မြေဖို့ပြီး မြေနေရာ တိုးချဲ့ခြင်းအား ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ “မူလရေကာတံတိုင်း အစွန်နေရာကနေ မြစ်လယ်ဘက်ကို ပေ ၁၀၀ ခန့်တိုးချဲ့ပြီး အရှည် ၂၄၄၀ ပေရှိတဲ့ ရေကာတံတိုင်း တည်ဆောက်သွားမှာပါ။ နောက်ခံဧရိယာကို သဲဖို့ပြီး မြေနေရာ ဖော်ထုတ်ပြီးတဲ့အခါ လက်ရှိထက် မြေ ၆ ဒသမ ၄ ဧက ထပ်မံပေါ်ထွန်းလာမှာ ဖြစ်ပါတယ်” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောကြားခဲ့သည်။ “ဒီလိုဆိပ်ကမ်း မြေနေရာဟာ နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ တန်ဖိုးရှိတဲ့ မြေနေရာ ဖြစ်တဲ့အတွက် ဒါကိုအသုံးချပြီး ၀င်ငွေတိုးအောင် လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း၊ မြေနေရာ တိုးချဲ့ရေး ဆောင်ရွက်တဲ့ နေရာမှာလည်း စီးပွားရေးအရ တွက်ခြေကိုက်မှုရှိ၊ မရှိ ချိန်ဆပြီး အချိန်တိုအတွင်း ပြီးစီးအောင်နှင့် ရေပေါ်ဟိုတယ်တွေ၊ စားသောက်ဆိုင်တန်းတွေနဲ့ စည်ပင်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ဇူလိုင်လ ၇ ရက်နေ့က အဆိုပါဆိပ်ကမ်း တိုးချဲ့မည့် နေရာသို့ ရောက်ရှိစဉ်က ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ဗိုလ်တထောင်ဆိပ်ကမ်း၌ လှလှပပ ကုမ္ပဏီလီမိတက်မှ ရေပေါ်ဟိုတယ် တည်ဆောက်ရေး စီမံကိန်းအား စတင် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ယင်းကုမ္ပဏီမှ ပထမအဆင့် အနေဖြင့် ဗိုလ်တထောင်အမှတ်(၆) ဆိပ်ခံတံတားအထက်နှင့် အောက် ပြုပြင်ခြင်းလုပ်ငန်းအား လုပ်ဆောင် လျက်ရှိသည်။ လှလှပပ ကုမ္ပဏီလီမိတက်မှ ရေပေါ်ဟိုတယ်အဖြစ် သင်္ဘောနှစ်စီး အသုံးပြုသွားမည် ဖြစ်ကာ အလျား ၂၂၈ ပေ၊ အနံပေ ၅၀ ရှိသော သင်္ဘောတစ်စီးနှင့် အလျား ၂၃၆ ပေ အနံပေ ၅၀ ရှိသော သင်္ဘောတစ်စီး ပါဝင်မည်ဖြစ်ပြီး သင်္ဘောတစ်စီးလျှင် အခန်းပေါင်း ၇၂ ခန်းပါဝင်ပြီး နှစ်ယောက်ခန်းများ ဖြစ်သည့်အတွက် လူဦးရေ ၁၄၄ ယောက်အထိ တည်းခိုနိုင်မည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်