From :Myit Makha Mediagroup on 13 Feb, 2013
www.MyanmarExpress.net
မိုဘိုင်းဆင်းမ်ကတ်ပျောက်ဆုံးပျက်စီးမှုနှင့်ပတ်သက်၍
လျှောက်ထားခြင်းအပါအ၀င် မိုဘိုင်းအင်တာနက်လိုင်းဖွင့်ခြင်း
လုပ်ငန်းများအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
နေ့ချင်းပြီးဆောင်ရွက်နေပြီဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေး၌
အင်တာနက်လိုင်းလျောက်ထားမှုကို ကျပ်တစ်သောင်းနှုန်းဖြင့်
သတ်မှတ်ဆောင်ရွက်ပေးနေချိန်တွင် ပြည်ပ မိုဘိုင်းဖုန်းအရောင်းဆိုင်များ၌
ကျပ်တစ်သောင်း တစ်ထောင်နှုန်းဖြင့် ရက်ချိန်ဖြင့် ပြုလုပ်ပေးနေချိန်တွင်
မြန်မာ့ဆက်သွယ်ရေးမှ ယခုကဲ့သို့ နေ့ချင်းပြီးပြုလုပ်ပေးရန်
သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“
အပြင်ဆိုင်မှာ အင်တာနက်လိုင်းသွားဖွင့်တာ အဆင်မပြေဘူး၊ ၄ရက်လောက်ကြာမှ
ရမယ်ပြောတယ်၊ ဆက်သွယ်ရေးက အခုလို နေ့ချင်းပြီးလုပ်ပေးမယ်ဆိုတော့ကောင်းတယ်၊
ဒါပေမယ့် လျှောက်ထားနိုင်တဲ့ကောင်တာ တော်တော်များများ ထားပေးမှ
အဆင်ပြေနိုင်မယ်”ဟု ကမာရွတ်မြို့နယ်နေ ဦးဋ္ဌေးက ပြောသည်။
မိုဘိုင်းဖုန်းဆင်းမ်ကတ်ပျက်စီးမှုအတွက်
လျှောက်ထားရာတွင် မြန်မာ့ဆက်သွယ်ရေးမှ အခမဲ့လဲလှယ်ပေးမည် ဖြစ်ပြီး
ပျက်စီးသည့် ကတ်မူရင်း၊ ပျက်စီးကြောင်း ဝန်ခံချက်စာနှင့် ဝယ်ယူသည့်
စာချုပ်မိတ္တူနှင့် မူရင်း၊ မှတ်ပုံတင်မိတ္တူနှင့် မူရင်းတင်ပြရန်
လိုအပ်ကြောင်း မြန်မာဆက်သွယ်ရေးမှ သိရသည်။
မြန်မာနိုင်ငံတွင်
လက်ရှိမိုဘိုင်းဖုန်းသုံးစွဲမှုမှာ နိုင်ငံရှိလူဦးရေ၏ ၅ ရာခိုင်နှုန်းသာ
ရှိနေသေးကြောင်းနှင့် အင်တာနက်တွဲဖက်အသုံးပြုသူအများစုမှာ
လူငယ်များဖြစ်ပြီး မီဒီယာသမားများနှင့် သတင်းအချက်အလက် ရယူလိုသူလူနည်းစုသာ
မိုဘိုင်းအင်တာနက်လျောက်ထားအသုံးပြုနေခြင်းဖြစ်သည်။
“အရင်တုန်းကလို
တစ်ပတ်လောက်မစောင့်ရတော့ဘူး။ အခု နေ့ချင်းပြီး လုပ်ပေးနေတယ်၊
မနက်လာလျှောက်တာနဲ့ ညနေဘက်ဆိုရင် အင်တာနက်လိုင်း ပွင့်ပါပြီ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်က
မြန်မာဆက်သွယ်ရေး၌ အင်တာနက်လျှောက်ထားရာတွင် ကျပ်တစ်သောင်းအပြင်
ဆင်းမ်ကတ်လျှောက်ထားစာ တင်၍ အချိန်တစ်ပတ်အထိ ကြာမြင့်ခဲ့သော်လည်း
လက်ရှိကာလတွင် နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်းလည်း သိရှိရပါသည်။
မိုဘိုင်းအင်တာနက်၏
အားသာချက်မှာ အနာဂတ်လူနေမှုစနစ်၏ ငွေကြေးဆိုင်ရာကိစ္စများ၊
သတင်းအချက်အလက်များ၊ လျှို့ဝှက် ဖိုင်များနှင့် ပုံစံမျိုးစုံအတွက်
လိုအပ်သလို အချိန်နှင့်တပြေးညီ အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း
အိုင်တီပညာရှင်တစ်ဦးက သုံးသပ်သည်။


0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်