Subscribe to our RSS Feed

ပြည်ပ ရင်းနှီး မြှုပ်နှံမှု များကြောင့် နိုင်ငံသားများ ထိခိုက် နစ်နာမှုကို ကာကွယ် နိုင်ရန် မူဝါဒ (၄) ရပ် ချမှတ်ပြီး ဆောင်ရွက်လျက် ရှိ

From :mwd

အာဆီယံ စီးပွားရေး အသိုက်အဝန်းတွင် ပါဝင်ပြီး လွတ်လပ်သော ကုန်သွယ်မှု သဘော တူညီချက် အတိုင်း လိုက်ပါ ဆောင်ရွက်ရန် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ပိုမို အားပေး မြှင့်တင်ရန် လိုအပ်
ရန်ကုန်    ဖေဖော်ဝါရီ    ၂၃
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းသည် ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ်ရှိ လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေးရုံး ကနောင် ခန်းမ၌ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန် များမှ စက်မှု လုပ်ငန်းရှင် များနှင့် တွေ့ဆုံသည်။
အခမ်း အနားသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဒုတိယ ဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ စက်မှုဇုန် စီမံ ခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ စက်မှုဇုန် များမှ စက်မှု လုပ်ငန်းရှင် များနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။
အခမ်း အနားတွင် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းက အဖွင့် အမှာစကား ပြောကြားရာ၌  မိမိတို့ နိုင်ငံ စီးပွား ရေး ပြုပြင် ပြောင်းလဲရာတွင် အရင်းအနှီးနှင့် နည်းပညာ၊ လူ့စွမ်းအား အရင်းအမြစ်တို့ ပြည့်စုံလုံလောက်မှု မရှိသေးမီ ကာလအတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု များကို မလွဲမသွေ ဖိတ်ခေါ်ရမည် ဖြစ်ကြောင်း၊  ပြည်ပ ရင်းနှီး မြှုပ်နှံမှု များကြောင့် မိမိ နိုင်ငံသားများ ထိခိုက် နစ်နာမှုကို ကာကွယ်နိုင်ရန် မူဝါဒ (၄) ရပ် ချမှတ်ပြီး ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့ နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံမှ စက်မှု ထွန်းကားသည့် နိုင်ငံအဖြစ် တက်လှမ်းရန် ကြိုးစားဆဲ ဖြစ်သည့် အပြင် မိမိတို့ ကဲ့သို့ ဖွံ့ဖြိုးမှု နောက်ကျနေသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ စီးပွားရေး လုပ်ငန်း အများစုကို ပြန်ကြည့်လျှင် အသေးစားနှင့် အလတ်စား လုပ်ငန်းများ သာလျှင် အများဆုံး ဖြစ်ကြောင်း၊ မိမိတို့ ထူထောင် ထားရှိပြီး ဖြစ်သည့် စက်မှုဇုန် အသီးသီးကို လေ့လာ ကြည့်လျှင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသာ ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် အာဆီယံ စီးပွားရေး အသိုက် အဝန်းတွင် ပါဝင်ပြီး လွတ်လပ်သော ကုန်သွယ်မှု သဘော တူညီချက် အတိုင်း လိုက်ပါဆောင် ရွက်ရမည် ဖြစ်သည့်အတွက် စီးပွားရေး အရှိန် အဟုန်ရပြီး ဖြစ်သည့် အခြား အိမ်နီးချင်း နိုင်ငံများထက် စာလျှင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ပိုမို အားပေး မြှင့်တင်ရန် လိုအပ်ကြောင်း၊  အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား အားပေးမြှင့် တင်ရန်၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီး များကြောင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ထိခိုက် ပြိုလဲခြင်း မရှိစေရေး ကာကွယ် တားဆီးရန်နှင့် ထိုရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ဈေးကွက် များသို့ ချိတ်ဆက် ဆောင်ရွက်နိုင်သည့် အထောက်အကူပြု စီးပွားရေး ကုန်ထုတ်လုပ်ငန်းများ အဖြစ် အားပေး မြှင့်တင်ရန်၊ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်အရ စီးဝင်လာမည့် ကုန်စည် ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များအား ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း ရှိအောင် အားပေး မြှင့်တင်ရန်၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ငွေကြေး အရင်းအနှီး ရရှိရေး အတွက် ဘဏ်များနှင့် ငွေချေး လုပ်ငန်းများ အားပေးမြှင့်တင် ကူညီ ပံ့ပိုးရန်၊ နည်းပညာနှင့် အရင်းအနှီး ရရှိရေး အတွက် ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာ အဖွဲ့အစည်းများ ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်ရန်၊ ဈေးကွက် ဖွံ့ဖြိုးရေးနှင့် ဈေးကွက် ချိတ်ဆက် နိုင်ရေး၊ ဈေးကွက် ယှဉ်ပြိုင်နိုင် စွမ်းအား မြှင့်တင် အားပေးရန်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး အားပေး မြှင့်တင်ရန်၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဆိုင်ရာ သတင်း အချက်အလက်နှင့် သုတေသန လုပ်ငန်းများ မြှင့်တင်ပြီး အတားအဆီး အခက် အခဲများ ဖယ်ရှား၍ လွယ်ကူ ချောမွေ့အောင် အားပေး ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင် ရန် အတွက် စက်မှုဇုန်များ၏ လက်ရှိ အခြေအနေနှင့် သတင်း အချက်အလက် များကို သိရှိနိုင်ရန် တက်ရောက်ခြင်း ဖြစ်ကြောင်း၊ တက်ရောက် လာကြသူများ အနေဖြင့် ပွင့်ပွင့်လင်းလင်း တင်ပြကြရန် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ရန်ကုန်တိုင်း ဒေသကြီး အတွင်း စက်မှုဇုန် ၂၉ ခု ရှိပြီး အဓိက စက်မှုဇုန်မှာ ၂ဝ ရှိကြောင်း၊ စက်မှုဇုန် များ၏ စက်ရုံ အလုပ်ရုံ ပေါင်းမှာ ၆ဝဝဝ ကျော် ရှိပြီး အလုပ်သမား စုစုပေါင်း နှစ်သိန်းခြောက်သောင်း ကျော် ရှိပါကြောင်း၊ စက်မှုဇုန်များ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီကို ဖွဲ့စည်း၍ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ရန်ကုန် တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန် များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။ 
ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဥာဏ်ထွန်းဦးက ရန်ကုန်တိုင်း ဒေသကြီး အတွင်း စိစစ် စာရင်းကောက်ယူ ပြီးသော စက်မှုဇုန် ၂ဝ ၏ အဆင့်အတန်း အလိုက် သတ်မှတ် ထားရှိပုံ၊ စက်မှုဇုန် များ၏ လက်ရှိ လုပ်ဆောင်နေသော လုပ်ငန်း အခြေအနေ များကိုလည်းကောင်း မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက မြန်မာနိုင်ငံ စက်မှုကုန် ထုတ်လုပ်သူများ အသင်းနှင့် စပ်လျဉ်းသည်များ၊ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ တိုးတက်ရေး လုပ်ဆောင်ရာတွင် ကြုံတွေ့ နေရသော အခက်အခဲများနှင့် ဖြေရှင်းရန် အကြံပြုချက် များကိုလည်းကောင်း၊ စက်မှု ဝန်ကြီးဌာန အသေး စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဌာန ညွှန်ကြားရေးမှူး ဦးမျိုးသော်က အသေး စား၊ အလတ်စား စက်မှုလုပ်ငန်း များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ လှိုင်သာယာ စက်မှုဇုန်၊ ရွှေပြည်သာ စက်မှုဇုန်၊ ဒဂုံမြို့သစ် (တောင် ပိုင်း) စက်မှုဇုန်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) စက်မှုဇုန်၊ ရွှေလင်ပန်း စက်မှုဇုန်နှင့် မြောင်းတကာ သံနှင့် သံမဏိ လုပ်ငန်း စက်မှုဇုန် တို့မှ စက်မှုဇုန် စီမံ ခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ များက စက်မှုဇုန် များ၏ လုပ်ငန်း များ၊ လုပ်ငန်း အမျိုးအစား များနှင့် စက်ရုံ တည်ဆောက် လည်ပတ်မှု အခြေအနေ၊ လက်ရှိကြုံတွေ့ နေရသော အခက်အခဲများ၊ လျှပ်စစ်မီး လိုအပ်မှု အခြေအနေ၊ စည်ပင်ရေ ရရှိရေး၊ အခွန်နှင့် ချေးငွေကိစ္စ များ၊ စက်မှုဇုန် မြေနေရာ ကိစ္စများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ ဒုတိယ ဝန်ကြီးများ ဖြစ်ကြသော ဦးမျိုးအောင်၊ ဦးအောင်သန်းဦး၊ ဒေါက်တာ မောင်မောင် သိမ်းနှင့် ဦးစိုးတင့်တို့က တင်ပြချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက် ပြန်လည် ရှင်းလင်း တင်ပြ ကြသည်။
ရှင်းလင်း တင်ပြချက် များနှင့် စပ်လျဉ်း၍ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းက စက်မှု လုပ်ငန်းရှင်များ လိုအပ်သည့် လျှပ်စစ်ကိစ္စ၊ အခွန်ကိစ္စ အပါအဝင် လိုအပ်ချက် များကို နိုင်ငံတော် အစိုးရ အနေဖြင့် အတတ်နိုင်ဆုံး ဖြည့် ဆည်း ပေးသွားမည် ဖြစ်ကြောင်း၊ မည်သည့် လုပ်ငန်းမဆို အခက်အခဲ အနည်းနှင့် အများ ရှိမည်ဖြစ်ကြောင်း၊ အခက်အခဲကို အခွင့်အလမ်း အဖြစ် ပြောင်းလဲ၍ အောင်မြင်အောင် ဆောင်ရွက် သွားရန် လိုကြောင်း၊ မည်သည့် လုပ်ငန်း ဆောင်ရွက်သည် ဖြစ်စေ ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားရန် အရေးကြီးကြောင်း၊ လူတိုင်း ဥပဒေကို လေးစား လိုက်နာပြီး တရားဥပဒေ စိုးမိုးရေး အလေးထားရန် လိုအပ်ကြောင်း၊ နိုင်ငံတော် အစိုးရ၊ စက်မှုလက်မှု အသင်း အဖွဲ့များ၊ စက်မှု လုပ်ငန်းရှင် များနှင့် အရပ်ဘက် အဖွဲ့အစည်းများ ညီညီညွတ်ညွတ် လက်တွဲ ဆောင်ရွက်ပါက ၂ဝ၁၅ ခုနှစ် အာဆီယံ စီးပွားရေး အသိုက်အဝန်း ဆိုင်ရာ စိန်ခေါ်မှု များကို ရင်ဆိုင် ကျော်လွှား သွားနိုင်မည် ဖြစ်ကြောင်းဖြင့် ပြော ကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
ထို့နောက် ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များသည် လှိုင်သာယာ စက်မှုဇုန် အပိုင်း (၃) မင်းကြီးမဟာ မင်းခေါင် လမ်းရှိ FAME ဆေးဝါးထုတ်လုပ်ရေး စက်ရုံသို့ ရောက်ရှိကြပြီး စက်ရုံ ခန်းမ၌ စက်ရုံ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာခင် မောင်လွင်က စက်ရုံနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကာ ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း လေ့လာကြသည်။
ယင်းနောက် ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များသည် စက်မှုဇုန် အပိုင်း (၄) မြဝတီမင်းကြီး လမ်းနှင့် ကင်းဝန်မင်းကြီး လမ်းထောင့်ရှိ GREAT International Fisheries Ltd.သို့ ရောက်ရှိပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို လိုက်လံကြည့်ရှု ခဲ့သည်။

  www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်