Subscribe to our RSS Feed

တက္ကသိုလ်အဆောင်များ ပြန်ဖွင့်ရန် စီစဉ်နေ

From :7day

တက္ကသိုလ်များတွင် ကျောင်းသူ၊ ကျောင်းသားများနေထိုင်ရန် အဆောင်များ ပြန်လည်ထားရှိရေး နိုင်ငံတော်သမ္မတက စီစဉ်နေကြောင်း သမ္မတရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

“အဆောင်တွေဆောက်ပါ၊ ပြန်ထားပေးမယ်လို့ သမ္မတကြီးက မှာထားတယ်။ ဒီအဆောင်တွေမှာ ထမင်းလည်း ကျွေးချင်ကျွေးမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ငယ်ငယ်ကလို ၄၅ ကျပ်နဲ့တော့ မဟုတ်ဘူးပေါ့ဗျာ” ဟု ဦးစိုးသိန်းက မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (Myanmar Peace Center) ၌ အလုပ်သမားအဖွဲ့များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်ကောလိပ်အများစုမှာ မြို့ရွာများနှင့် ဝေးရာ မြို့ပြင်၊ လူနေနည်းသောနေရာများသို့ ယခင်အစိုးရက ရွှေ့ပြောင်းပစ်ခဲ့သည်။

ပြင်ပအဆောင်များတွင် နေထိုင်ရသော ကျောင်းသား၊ ကျောင်းသူများမှာ စိတ်ဓာတ်နှင့်စာရိတ္တများမှာ ပျက်စီး၍ လွယ်ကူသည်။ ပြင်ပအဆောင်များမှာ လုံခြုံစိတ်ချရသည့် အဆောင်များရှိသလို စီးပွားရေးဆန်သည့် အဆောင်များလည်းရှိကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းမှ တာဝန်ရှိသူများက ပြောကြားသည်။

“အဆောင်တွေဖြစ်ဖို့က နှစ်နှစ်၊ သုံးနှစ်တော့ အနည်းဆုံးစောင့်ရမယ်။ အဆောက်အအုံတွေက အသစ်ကနေ ပြန်စဆောက်ရမှာ” ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးဌာနမှ ဆရာဒေါက်တာဦးသန်းလွင်ဦးက ဆိုသည်။

တက္ကသိုလ်အဆောင်များတွင် အနယ်နယ် အရပ်ရပ်မှ ကျောင်းသားများ စုပေါင်းနေထိုင်ရသည့်အတွက် ယဉ်ကျေးမှုများ ဖလှယ်ရာတွင် လွယ်ကူသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုအတွက်လည်း များစွာအထောက်အကူရကြောင်း ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမအသင်းမှ အတွင်းရေးမှူး ဦးဇော်မျိုးလှိုင်က ပြောသည်။

“နယ်က ဆရာ၊ ဆရာမတွေလည်း ရန်ကုန်တက္ကသိုလ် ပြန်စရာမလိုဘူး။ အချိန်ကုန်၊ လူပင်ပန်းသက်သာတော့ သင်ကြားရေးမှာ ပိုအထောက်အကူရတာပေါ့” ဟု ဦးသန်းလွင်ဦးက ဆိုသည်။

ထို့အပြင် တက္ကသိုလ်အသီးသီးတွင် ကြုံတွေ့နေရသည့် ဖယ်ရီကားပြဿနာ၊ လိုင်းကားပြဿနာများလည်း အဆောင်များ တည်ဆောက်ပေးခြင်းဖြင့် ဖြေရှင်းပြီး ဖြစ်နိုင်သည်။

“အဆောင်ထားတာက တက္ကသိုလ်ဆိုတဲ့ အနှစ်အရသာကို သိရတာပါ။ အခု တက္ကသိုလ်တွေကတော့ အထက်တန်းကျောင်းလိုပဲ” ဟု တက္ကသိုလ်အဆောင်များနှင့် ပတ်သက်၍ အဆိုတင်သွင်းခဲ့ဖူးသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဒွဲဘူက ပြောကြား သည်။

တက္ကသိုလ်များ၌ အဆောင်များထားရှိခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ လူမှုဆက်ဆံရေး ကောင်းခြင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကိုဖြစ်စေခြင်း၊ မိဘဆွေမျိုးများနှင့် ဝေးနေသော်လည်း ဆရာ၊ ဆရာမများက စည်းကမ်းတကျ ထိန်းသိမ်းထားသည့်အတွက် လေလွင့်ပျက်စီးမှု အန္တရာယ် နည်းပါးနိုင်သည်ဟု ၎င်းက ဆိုသည်။

“နယ်ကအဆောင်တွေမှာဆို ကျောင်းသူတွေ ပျက်စီးနေတာတွေ၊ ကျောင်းသားတွေ ဆေးသမားဖြစ်နေတာတွေ အများကြီး တွေ့နေရတယ်” ဟု ဒေါ်ဒွဲဘူက ဆိုသည်။

တက္ကသိုလ်အဆောင်များတွင် နေထိုင်ရခြင်းသည် အဆောင်လှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှု၊ အားကစားလှုပ်ရှားမှုစသည့် အခွင့်အလမ်းများလည်းရှိသည်။


   www.MyanmarExpress.net
 

1 comments:

ဒေါ်ဒွဲဘု ခင်ဗျာ

နယ်ကအဆောင်တင်မဟုတ်ပါ

မြို့ ကြီးတွေအဆောင်ကပိုဆိုးပါတယ်

ကျောင်းသူတွေကပျက်စီး

ကျောင်းသားတွေကဆေးဘိမှာ။

ရင့်ထတောလုမယခိုးမယ် တလောက

ဘဏ်တောင်ဖေါက်လိုက်သေး။

သာဓက ပြတာပါကလေးတွေ မနှစ်နာစေခြင်

ပါဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်