Subscribe to our RSS Feed

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းပေါ်တွင် အရေးပေါ် ရှေးဦးပြုစုနိုင်မည့် စခန်းဖွင့်လှစ်မည်

From : http://singaporefeelfeel.blogspot.com/2013/02/blog-post_5022.html


ရန်ကုန်-မန္တလေး အဝေးပြေးအမြန်လမ်းကို ဖွင့်လှစ်နိုင်ခဲ့သဖြင့် အချိန်တိုအတွင်း မြန်ဆန်စွာ မောင်းနှင် သွားလာ နိုင်ပြီဖြစ်သော်လည်း ယာဉ်မတော်တဆဖြစ်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ ယာဉ်မဆင်မခြင် မောင်းနှင်မှုများကြောင့် ယာဉ်မတော်တဆ ဖြစ်ပွားပါက အရေးပေါ် ရှေးဦးပြုစုနိုင်မည့် စခန်းတစ်ခုကို ရန်ကုန်-မန္တလေး အဝေးပြေး အမြန်လမ်းမကြီးပေါ်တွင် ပထမဆုံး ဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။ မကြာမီဖွင့်လှစ်မည့် အရေးပေါ် ရှေးဦးပြုစုမှုစခန်းကို ရန်ကုန်- နေပြည်တော် အဝေးပြေး အမြန်လမ်းအပိုင်းပေါ်ရှိ ဖြူးမြို့အနီး ၁၁၅ မိုင် စခန်းအနီးတွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။ ယင်းအရေးပေါ် ရှေးဦးပြုစု ခြင်းစခန်းကို ဖေဖော်ဝါရီ ၂၅ ရက်တွင် စတင်ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိသည်။ အဆိုပါ အရေးပေါ်ရှေးဦးပြုစုမှု စခန်းကို စင်ကာပူနိုင်ငံက ကူညီထောက်ပံ့မှုများလည်း ပါဝင်ပြီး လူအင်အား၊ အထောက်အကူပြုယာဉ်နှင့် ပစ္စည်းများလည်း ဖြည့်ဆည်းထားသည်။ ယာဉ်မတော်တဆ ဖြစ်ပွားမှုကြုံတွေ့လျှင် အရေးပေါ် ဆက်သွယ်ကာ အကူအညီ တောင်းခံနိုင်သည်။ ရန်ကုန်- မန္တလေးအဝေးပြေး အမြန်လမ်းပေါ်ရှိ ၁၁၅ မိုင် စခန်းအနီးတွင် ထားရှိမည့် အရေးပေါ် ရှေးဦးပြုစုခြင်းစခန်းတွင် ဆက်သွယ်ရန် တယ်လီဖုန်းနှစ်လုံး၊ လူနာတင်ယာဉ်နှစ်စီး၊ ကြက်ခြေနီ ၁၂ ဦးတို့ အပြင် ဆိုင်ကယ်နှစ်စီးကို လည်း ထားရှိပေးထားရန် စီစဉ်ထားသည်။ အဝေးပြေးအမြန် လမ်းပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို အရေးပေါ်ရှေးဦးပြုစုမှုများ ပြုလုပ်ပေးပြီး လိုအပ်ပါက နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင်ပေးရန် စီစဉ်ထားသည်။ ထို့အပြင် သက်ဆိုင်ရာ ရဲစခန်းများသို့လည်း ချိတ်ဆက် အကြောင်းကြားပေးမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့ထုတ် မြန်မာအလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်