From : သမ္မတရုံး
www.MyanmarExpress.net




နေပြည်တော် ဖေဖော်ဝါရီ ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ခင်အောင်မြင့်၊
ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ
ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယဝန်ကြီးများ၊
လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးရဲထွန်း၊ ဦးစောသိန်းအောင်နှင့်
ဦးစတီဗင်သာဘိတ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ယနေ့နံနက် ၈
နာရီခွဲတွင် နေပြည်တော်မှ အထူး လေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ကလေးလေဆိပ်သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၊ ချင်းပြည်နယ်ဝန်ကြီးချုပ်
ဦးဟုန်းငိုင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊
စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့မှ ဝန်ကြီးများနှင့်
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့များက
ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
ဒေသခံ တပ်နယ် အောင်ဇေယျရိပ်သာ ဧည့်ခန်းမသို့ ရောက်ရှိကြပြီး
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက ကလေးခရိုင်အတွင်း
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက
ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများအား ဖြည့်စွက် ဆွေးနွေးမှာကြား သည်။
ထို့ပြင် နို့စားနွားများ မွေးမြူခြင်းဖြင့် နို့နှင့် နို့ထွက်ပစ္စည်း
ထုတ်ယူရရှိနိုင်သကဲ့သို့ ဇီဝဓာတ်ငွေ့ကိုလည်း ထုတ်ယူနိုင်သဖြင့်
ဇီဝဓာတ်ငွေ့မှ စွမ်းအင်အဖြစ် ထုတ်ယူသုံးစွဲ နိုင်ခြင်းကြောင့် ဒေသတွင်း
စံပြအဖြစ် စမ်းသပ်လုပ်ကိုင်သွားရန်နှင့် စိုက်ပျိုးရေး၊
မွေးမြူရေးတို့ကိုလည်း တစ်ပိုင်တစ်နိုင် မှသည် တစ်အုပ်တစ်မအဆင့်ထိ
လုပ်ဆောင်သွားရန်တို့ကိုလည်း ထည့်သွင်း မှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ကလေးတက္ကသိုလ်သို့
ရောက်ရှိရာ တာဝန်ခံ ပါမောက္ခချုပ် ဦးမြင့်ဆွေနှင့် ပါမောက္ခ၊ ဆရာ ဆရာမများက
ကြိုဆိုကြသည်။ ထို့နောက် ကဘော်ခန်းမ၌ တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဆရာ
ဆရာမများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် တာဝန်ခံ ပါမောက္ခချုပ်
ဦးမြင့်ဆွေက တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ပညာရည် မြင့်မားရေး
လုပ်ငန်းဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို
ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက အမှာစကား ပြောကြားရာတွင်
ပညာရေးသည် တိုင်းပြည် တည်ဆောက်ရာတွင် အလွန်အရေးကြီးပါကြောင်း၊
ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းသည် တိုင်းပြည်အတွက် အကျိုးအရှိဆုံး
ရင်းနှီးမြှုပ်နှံမှုပင် ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင်
ပညာရေးနှင့် ကျန်းမာရေး ဘတ်ဂျက် အသုံးစရိတ်များကို
တိုးမြှင့်သုံးစွဲလျက်ရှိပါကြောင်း၊ နိုင်ငံ၏ ပညာရေးအဆင့်အတန်း
တိုးတက်မြင့်မားလာအောင် ဆောင်ရွက်နေပါကြောင်း၊ ယခင်က ပညာရေးကဏ္ဍ
နိမ့်ကျနေရခြင်းမှာ ဘတ်ဂျက် အသုံးစရိတ်များကို တိုးမြှင့်သုံးစွဲနိုင်မှု
မရှိခြင်း၊ ပိတ်ဆို့မှုများကြောင့် ပြည်ပနိုင်ငံများသို့ ပညာသင်များ
စေလွှတ်နိုင်မှုမရှိခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ယခင်က ပြည်ပရှိ
တက္ကသိုလ်ကြီးများတွင် ပညာဆည်းပူးခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီး များမှာလည်း
အသက်အရွယ် ကြီးရင့်ကြပြီဖြစ်၍ ပညာရေးမှာ ခါးဆက်ပြတ်သလို ဖြစ်ခဲ့ရပါကြောင်း။
ပညာရည် မြင့်မားရေးအတွက် လုပ်ဆောင်ရာတွင်
မိမိနိုင်ငံတစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရပါကြောင်း၊ အခြားနိုင်ငံများရှိ
တက္ကသိုလ်များနှင့် ချိတ်ဆက်၍ ယင်းတက္ကသိုလ်များ၏
သင်ကြားလေ့ကျင့်ပေးမှုများကို နမူနာယူကာ အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်မှသာ
ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံမှ တက္ကသိုလ်များသည်
ဂျွန်ဟော့ကင်း တက္ကသိုလ် အပါအဝင် ကိုရီးယား၊ ဂျပန်စသည့် နိုင်ငံများမှ
တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ တိုင်းပြည်
ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးဆုံးမှာ ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးပင်
ဖြစ်ပါကြောင်း၊ ထို့အတူ မိမိတို့အစိုးရအဖွဲ့၏ နိုင်ငံတော်
တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို အခါအခွင့် ကြုံကြိုက်၍
ရှင်းလင်းပြောကြားလိုပါကြောင်း။
အစိုးရအဖွဲ့၏ ရည်မှန်းချက်မှာ ပြည်သူတို့၏ ဆန္ဒကို
အကောင်အထည်ဖော် ဖြည့်ဆည်းပေးရန်ပင် ဖြစ်ပါကြောင်း၊ သန်း ၆ဝ သော ပြည်သူတို့၏
တူညီသောဆန္ဒ ဖြစ်သည့် နိုင်ငံတစ်ဝန်း တရားဥပဒေ စိုးမိုးပြီး
တည်ငြိမ်အေးချမ်းမှုရှိရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ
ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ထိုသို့
ဆောင်ရွက်ရာတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေး
ပြုပြင်ပြောင်းလဲမှုတို့ကို စနစ်တကျ ဖော်ဆောင်နေပါကြောင်း၊ နိုင်ငံတော်၏
နိုင်ငံရေး လုပ်ငန်းစဉ်များတွင် နိုင်ငံရေး အဖွဲ့အစည်းများ အပါအဝင်
ပြည်သူများအားလုံး ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ပြီး
အကျဉ်းကျခံရသူများလည်း ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် အကျဉ်းသား သုံးသောင်း
ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ ခြောက်ကြိမ်
အထိရှိပြီဖြစ်ပါကြောင်း၊ နိုင်ငံ တစ်ဝန်း လက်နက်ကိုင်ပဋိပက္ခများ
ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိလာရန်အတွက်လည်း ကြိုးပမ်း
ဆောင်ရွက်နေပါကြောင်း။
စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ
ဆောင်ရွက်ရာတွင်လည်း နိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ
စာရင်းဝင်အဖြစ်မှ ကျော်လွန် လွတ်မြောက်အောင် ဆောင်ရွက် နေပါကြောင်း၊
မိမိတို့နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် သဘာဝအရင်းအမြစ်
အခြေခံကောင်းများ ရှိပြီးဖြစ်သော်လည်း အရင်းအနှီး၊ နည်းပညာနှင့်
လူ့စွမ်းအားအရင်းအမြစ်များ နည်းပါး နေပါကြောင်း၊ ထို့ကြောင့်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်နေပါကြောင်း၊
စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့ရုပ်သိမ်းလာစေရန် အတွက်လည်း နိုင်ငံတကာ
ဆက်ဆံရေးနယ်ပယ်တွင် အရှေ့အနောက် အခွဲခြားဘဲ နိုင်ငံအားလုံးနှင့်
သင့်တင့်အောင် ဆက်သွယ်ဆက်ဆံခဲ့သည့်အတွက် ယခုအခါ မိတ်ဆွေနိုင်ငံများ
ပေါများလာပြီး စီးပွားရေး ပိတ်ဆို့မှုများကိုလည်း အထိုက် အလျောက်
ဖြေလျှော့ပေးမှုများ ရရှိလာပြီဖြစ်ပါကြောင်း၊ ထို့အတူ မိမိတို့၏
ထုတ်ကုန်ပစ္စည်းများ တင်ပို့ခွင့် ရရှိလာပြီး ပို့ကုန်ဆိုင်ရာ
အထူးခံစားခွင့် (GSP) လည်း မကြာမီ ရရှိလာတော့မည် ဖြစ်ပါကြောင်း။
စီးပွားရေး ဖွံ့ဖြိုးမှုအစပျိုးလာရန်အတွက်
လုပ်ဆောင်ရာတွင် အချိန်ယူ၍ ဆောင်ရွက်ရ ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ
ဆောင်ရွက်ရာတွင် ပထမဦးစွာ အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိနိုင်မည့်
စက်ရုံ၊ အလုပ်ရုံများအား မြို့ကြီးများသာမက နယ်မြို့များတွင်ပါ
တည်ထောင်နိုင်ရေးကို ဦးစားပေးဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ သို့မှသာ
ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိလာပြီး ပြည်ပတွင်
သွားရောက်လုပ်ကိုင်နေကြသူများလည်း မိမိနိုင်ငံသို့
ပြန်လည်လာရောက်လုပ်ကိုင် နိုင်မည် ဖြစ်ပါကြောင်း၊ ဒုတိယ ဦးစားပေး အနေဖြင့်
ထွက်ကုန်များကို တန်ဖိုးမြှင့် (Value added) လုပ်နိုင်မည့် အသေးစားနှင့်
အလတ်စားစက်ရုံ (SME) များ ထူထောင်ရန်ဖြစ်ပါ ကြောင်း ၊ တတယိ အနေဖြင့်
မိမိနိုင်ငံမှ ထွက်ရှိသည့် သတ္တု သယံဇာတများကို အသုံး ပြု၍ အကြီးစားစက်မှု
လုပ်ငန်းကြီးများ ထူထောင်နိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
စတုတ္ထအဆင့်တွင် သတင်းအချက်အလက် နည်းပညာဆိုင်ရာလုပ်ငန်းများ
ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ရမည်ြဖစ်ပါကြောင်း၊ ယင်းသို့ လုပ်ငန်းများ
ဆောင်ရွက်နိုင်ရန် အတွက် ကျွမ်းကျင်လုပ်သားများ လိုအပ်လျက်ရှိရာ အဆိုပါ
ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်မည့် သင်တန်းကျောင်းများလည်း
ထူထောင် ပေးသွားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်များတွင်
ကျွမ်းကျင်ပညာရှင်များ၊ လူ့စွမ်းအား အရင်းအမြစ် များလည်း များစွာ
လိုအပ်မည်ဖြစ်ပါကြောင်း၊ ထိုလူသား အရင်းအမြစ်များကို ဆရာ ဆရာမများကသာ
လေ့ကျင့်သင်ကြား မွေးထုတ်ပေးရမည် ဖြစ်ပါကြောင်း၊ လူ့စွမ်းအား
အရင်းအမြစ်များ ကြွယ်ဝလာစေရေးအတွက် အခြေခံရမည်မှာ ပညာရေးကဏ္ဍသာ ဖြစ်၍
ပညာရေးကဏ္ဍကို မြှင့်တင်ပေးရသူများမှာလည်း ဆရာ ဆရာမများပင် ဖြစ်ပါကြောင်း၊
ဆရာ ဆရာမများအနေဖြင့် နေ့စဉ် ပြောင်းလဲ တိုးတက်နေသည့် ပညာရပ်များကို
အစဉ်အမြဲ လေ့လာသင်ယူနေရန် လိုအပ်လာပြီ ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ
အရည်အချင်း ပြည့်ဝနေမှသာ မိမိတို့သင်ကြားပေးမည့် ကျောင်းသား
ကျောင်းသူများသည် အရည်အချင်း ပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ်
ပေါ်ထွန်းလာမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများသည် ပညာရပ်များကို
အခြေခံတတ်မြောက်ပြီးဖြစ်သဖြင့် စဉ်ဆက်မပြတ် လေ့လာနေရန်သာ လိုအပ်ပါကြောင်း၊
တပည့်များကို ပညာ သင်ကြားပေးရာတွင်လည်း ဘွဲ့တစ်ခုရရှိရန်ထက် အမှန်တကယ်
ကျွမ်းကျင် တတ်မြောက်သူများ ဖြစ်လာရန် လေ့ကျင့်
သင်ကြားပေးရန်ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတကာနှင့်
ရင်ပေါင်တန်းနိုင်ရန်အတွက် အင်္ဂလိပ်ဘာသာ ကျွမ်းကျင်စွာ တက်မြောက်ရန်ကိုလည်း
သင်ကြားပေးရန် လိုအပ်ပါကြောင်း။
ထို့အပြင် ကျောင်းသား ကျောင်းသူများအား ပညာတတ်
မြောက်ရုံမျှသာမက ကိုယ်ကျင့် တရားကောင်းမွန်သူများ၊ စည်းကမ်းလိုက်နာသူများ၊
မျိုးချစ်စိတ်ဓာတ် အခြေခံသည့် ပြည်ထောင်စု စိတ်ဓာတ်အစဉ်
ကိန်းအောင်းနေသူများ ဖြစ်လာစေရန်လည်း သွန်သင်ညွှန်ပြပေးရန်
လိုအပ်မည်ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံသည်
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြား အားသာချက်တစ်ခုမှာ နိုင်ငံ၏
ပထဝီအနေထားပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ သည် တောင်အာရှနှင့် အရှေ့
တောင်အာရှကို ဆက်သွယ်ပေးသည့် ပေါင်းကူးတံတားဖြစ်နေပြီး ပတ်ဝန်းကျင်တွင်
ကြီးမားသည့် ဈေးကွက်များလည်း ရှိနေပါကြောင်း၊ အဓိက လိုအပ်နေသည်မှာ
လူ့စွမ်းအား အရင်းအမြစ်သာဖြစ်၍ အဆိုပါ အရင်းအမြစ်များ ဖွံ့ဖြိုးလာရန် အတွက်
အချက်အချာ ကျသည့် ဒေသအလိုက်တွင် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များ၊ နည်းပညာ
တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များကို ဖွင့်လှစ်ပေးထားပြီး
ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများက တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် တာဝန်ကျေအောင်
သင်ကြားပေးကြရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် တက္ကသိုလ်တွင်
ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပြီး
ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ အမှန် တကယ်ပညာ တတ်မြောက်သူများ၊
နိုင်ငံ့သားကောင်းများ ဖြစ်အောင် ကြိုးစားသင်ယူ ကြရန်
တိုက်တွန်းမှာကြားခဲ့သည်။
အဆိုပါ ကလေးတက္ကသိုလ်တွင် ယခုပညာသင်နှစ်၌
စစ်ကိုင်းတိုင်းဒေသကြီးနှင့်ချင်းပြည်နယ် တို့မှ နေ့ သင်တန်းကျောင်းသား၊
ကျောင်းသူ ၄၆၉၇ ဦးနှင့် အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၃၄ဝ၉ ဦး
စုစုပေါင်း ၈၁ဝ၆ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိသည်။
ထိုမှတဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
ကလေးခရိုင် အထွေထွေရောဂါကု ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံ အုပ်ကြီး
ဒေါက်တာညွန့်သန်းနှင့် ဆရာဝန်၊ ဆရာမများက ကြိုဆိုကြသည်။ ထို့နောက်
ကလေးကုသဆောင်နှင့် လူနာဆောင်တို့တွင် တက်ရောက်ကုသနေသူများအား လှည့်လည်
ကြည့်ရှုအားပေးသည်။
နိုင်ငံတော်သမ္မတသည် ဆရာဝန်၊ ဆရာမများအား တွေ့ဆုံရာ၌
ဆေးရုံတွင် လူနာများ တက်ရောက် ကုသမှုအခြေအနေနှင့် ဒေသတွင်း၌ အဖြစ်များသော
ရောဂါများ အတွက် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို
ဆွေးနွေးမေးမြန်းပြီး ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ပြည်သူများအား
ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ပြည်သူများ
ကျန်းမာရေးအသိရှိရေး၊ ရောဂါကြိုတင် ကာကွယ်နည်းများကို သိရှိရေးနှင့်
ဆေးဝါးကုသပေးရေးတို့ကို ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ ထို့ကြောင့် ဆေးရုံ
တက်ရောက်နေသူများကိုသာ ကုသပေးရန် မဟုတ်ဘဲ ဒေသခံပြည်သူများအားလုံး
ကျန်းမာရေး အသိ ကျယ်ကျယ် ပြန့်ပြန့်သိရှိလိုက်နာ ဆောင်ရွက်သွားရန် မြို့၊
ရွာ၊ ရပ်ကွက်များအတွင်းသို့ ကွင်းဆင်း၍ ပညာပေးဟောပြော
ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ
အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း
ဆောင်ရွက်သွားရန် လိုကြောင်း၊ ပြည်သူများ ကျန်းမာရေး အသိပညာများ
တိုးပွားလာခြင်းအားဖြင့် ဒေသတစ်ခုမှသည် တစ်နိုင်ငံလုံး ကျန်းမာရေး အဆင့်
မြင့်မားလာမှာ ဖြစ်ကြောင်း၊ ကျန်းမာရေး အသိပညာရှိမှ ပြည်သူများ၏
သက်တမ်းများမှာလည်း ပိုရှည်လာမည်ဖြစ်ကြောင်း၊ တစ်မျိုးသားလုံး
ကျန်းမာရေးအတွက် ဆရာဝန်၊ ဆရာမများအနေဖြင့် အဓိက ပါဝင်ဆောင်ရွက်သွားရန်
လိုကြောင်း စသည်ဖြင့် အသေးစိတ်မှာကြားခဲ့သည်။


3 comments:
Teachers still giving questions n hints for exams.But u must attend their tuitions.In some schools,like Dagon 1,perfect, course-full n hardworking teaching will not b gained at Grade 10 &11.Private tuitions without licences n private teachers without licences r here n there around Dagon1.They take at least 3 lakhs for one section.These teachers r richer n richer as they don't need to pay tax.So private tuitions with licences giving tax seem to b cows.
I think real skill full instructor & real sharp teacher can be produce real skill full next generation. Are we real want skill full generation? The instructor and teacher must be sharpest and skill full when at their past life.So We have two methods for solving education problem. One is change the real skill full instructor. The next one is train them to be for skill full. But most of the present instructor have poor knowledge.They can't teach our kids very well.The problems of the teachers are 1 they have so little salary for their life. 2 they can't have a time for learn how to teach for kids.3 BeD entrance marks is not higher than some other entrance marks. So what we do for the future generation .......
နိုင် ငံတစ် နိုင် ငံ ရဲ့ ဖွံ့ဖြိုး တိုး တက် မှု မှာ ဆရာ ဆရာမ တွေ အ ဓိ က တဲ့ ဆ ရာ ဆရာ မ တွေ တိုး တက် ဖို့ က ငွေရ တဲ့ ကျူ ရှင် လား တိုင်း ပြည် ကြီး ဖွံ့ ဖြိုး တိုး တက် ချင် ရင် တော့ အ ခြေ ခံကောင်း တဲ့ အ နာ ဂတ် လူ ငယ် တွေမွေး ထုတ် ပေး မယ့် မူ လ တန်း ပြ ဝန် ထမ်း များ ကို စီစစ် ပြီး အ ရည် အ သွေး ပြည့် ဝ တဲ့ မူ အုပ် မူ ပြ များ ကို တာ ဝန် ပေး သင့် ပါ တယ် မြို့ ပေါ် ကျောင်း များ မှာ ပြည့် ကျပ် နေ တဲ့ ပညာ ရေး ဝန် ထမ်း များ စွာ နိုင် ငံတော် လ စာ များ ဖြုန်း တီး နေ တာ ကို လဲ ကြပ် မတ် စေချင် ပါ တယ် ကျောင်း စစ် ဆေး ရေး တာ ဝန် ထမ်း ဆောင် နေ သော သူ များ က လဲ တာ ဝန် ကျေ ပွန် စေ ချင် ပါ တယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်