Subscribe to our RSS Feed

မိခင်ဘာသာသင်ကြားမှုများလာသည့် ရခိုင်ပြည်နယ်

From :Myit Makha Mediagroup on 14 Feb, 2013

အစိုးရသစ်တက်လာသည့် နောက်ပိုင်း  ရခိုင်ပြည်နယ်တွင် မိခင်တိုင်းရင်းဘာသာသင်ကြားမှု ပိုကျယ်ပြန့်လာ ကြောင်း သိရသည်။
ထိုသို့ သင်ကြားမှုပိုကျယ်ပြန့်လာသည့်နောက် လူငယ်၊ လူလတ်ပိုင်းများလဲ ရခိုင်ဘာသာရပ်သင်ကြားမှုကို ပိုစိတ်ဝင်စား လာကြကြောင်း မြင်တွေ့နေရသည်။ ယခုတွင် ရခိုင်ကျောက်စာအရေးအသား သင်တန်းများ ပေါ်ပေါက်လာသလို   အခြေခံပညာ မူလတန်းအဆင့်  ရခိုင်တိုင်းရင်းဘာသာဖြင့် ရခိုင်သင်ပုန်းကြီး ဖတ်စာသင်ကြားသည့် ကျောင်းများလည်း စစ်တွေမြို့တွင်ရှိလာပြီဖြစ်သည်။
အခြေခံပညာ မူလတန်းအဆင့် ကျောင်းသားကျောင်းသူများအတွက်  ရခိုင်သင်ပုန်းကြီးဖတ်စာ ကျောင်းကို စစ်တွေမြို့ ပလုပ်တောင်ရပ်ကွက်တွင်   အပါတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် သင်ကြားပေးနေခြင်းဖြစ်သည်။ မူလတန်းအဆင့်    ကျောင်းသားကျောင်းသူများအား  ပညာရေးအခမဲ့ သင်ကြားနေခြင်းဖြစ်ရာ ကျောင်းသား ကျောင်းသူ (၃၀) ကျော်ရှိသည်။
အမင့်ပျိုးခင်းစာသင်ကျောင်းကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး၊  ဆင်းရဲ နွမ်းပါးပြီး ကျောင်းစာ မလိုက်နိုင်သော ကလေးများအတွက် အပတ်စဉ် စာဖတ်ဝိုင်းအဖြစ် သင်ကြားပေးနေသလို ရခိုင်သင်ရိုး ဖတ်စာကိုလည်း သင်ကြားပို့ ချပေးနေခြင်းဖြစ်သည်။
ရခိုင် သင်ရိုးဖတ်စာက  ကလေးတွေကို ရခိုင် ဖတ်စာသင်ပေးတယ်။ စာအုပ်ကလဲ အဆင့်သင့်ရှိပြီးသား ဆိုတော့ ကျွန်မတို့က ရခိုင်သင်ရိုးဖတ်စာကိုလည်း သင်ဖြစ်ပါတယ်။ နောက် ကလေးတွေ အတွက် ကွန်ပျူတာတွေလည်း သင်ဖြစ်ပါတယ်။ ရခိုင် ဖတ်စာဆိုတာက ရခိုင်လိုပြုစုထားတဲ့ မူလတန်းအဆင့် ဖတ်စာအုပ်ပါ ဟု အမင့်ပျိုးခင်း ရခိုင်သင်ပုန်းကြီးဖတ်စာကျောင်း မှ ဒေါ်နှင်းနုခိုင်က ပြောသည်။
အမင့်ပျိုးခင်းစာသင်ကျောင်းသည်   ရခိုင်အရေးအခင်းနောက်ပိုင်း ဆင်းရဲ နွမ်းပါးပြီး ကျောင်းစာကို မလိုက်နိုင် သည့် ကလေးငယ်များအတွက် အပါတ်စဉ် အခမဲ့သင်ကြားပေးနေခြင်းဖြစ်သည်။
မူလတန်းအဆင့်ခလေးတွေဟာ ကျောင်းကြီးမှာစာမလိုက်နိုင်တာတွေရှိတယ်။ ဆိုတော့ ကလေးတွေကို   စနေ၊ တနင်္ဂနွေ ရက်တွေမှာ  အခမဲ့သင်ပေးတာပါ။ ဒီအထဲမှာ ကျွန်မ တစ်ခု သတိထားမိတာက တစ်ချို့ ခလေးတွေဟာ စတုတ္ထတန်း၊ တတိယတန်းတွေ ဖြစ်နေကြပေမယ့် စာကို ကောင်းကောင်းမွန်မွန် မရေး တတ်ဘူး။ ဒါကို ကျွန်မတို့က ပြန်သင်ပေးတဲ့ သဘောပါ’’ ဟု   ဆရာမ ဒေါ်နှင်းနုခိုင်က ပြောသည်။
 ထို့အပြင် ၎င်းကျောင်းသားများအား အမင့်ပျိုးခင်းမှ တစ်ဦးလျှင် တစ်နေ့ကို ဆန်တစ်ဗူးဖြင့် ထောက်ပံ့ ပေးနေကြောင်းလည်း သိရသည်။
  ဒီ ကျောင်းဖြစ်လာတာက  ရခိုင်အရေးခင်းနောက်ပိုင်း ဆင်းရဲနွမ်းပါးတဲ့  ကလေးတွေရဲ့ မိဘတွေဆင်းရဲ နွမ်းပါးတော့ ကလေးတွေက ကျောင်းကြီးမှာ စာကောင်းကောင်း မလိုက်နိုင်ဘူး။ ဒါကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့  သင်ဖြစ်တာပါ။ သူတို့ရဲ့မိဘတွေက အောက်ခြေလူတန်းစားတွေဖြစ်တယ်။ ဆိုတော့ ကလေးတွေ ပညာရေးအတွက်ရော  စားရေးသောက်ရေးပါ  အဆင်ပြေအောင်လို့ ပါ ”ဟု ဒေါ်နှင်းနုခိုင်က ကျောင်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောသည်။
 ယင်းသို့ အခြေခံပညာ မူလတန်းအဆင့်ရှိ ကျောင်းသားကျောင်းသူများအား ရခိုင်တိုင်းရင်းဘာသာဖြင့် ရေးသားထားသည့် ရခိုင်သင်ပုန်းကြီးဖတ်စာ သင်ကြားမှုနှင့်ပတ်သက်၍ အမင့်ပျိုးခင်းရခိုင်စာသင်ကျောင်းမှ တာဝန်ရှိသူများနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့ ယမန်နေ့က တွေ့ဆုံခဲ့ကြသည်။
 ရခိုင်ပြည်နယ်တွင် အရေးအခင်းနောက်ပိုင်း ရခိုင်သမိုင်းနှင့် ရခိုင်ကျောက်စာ၊ ရခိုင်ဖတ်စာစသည့်  စာသင်ဝိုင်းများ   ပေါ်ပေါက်လာကြောင်းကိုလည်း သိရသည်။
စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ရခိုင်လူမျိုးတို့၏ ကျောက်စာနှင့် သမိုင်းဆိုင်ရာများကို အခမဲ့ သင်ကြားပို့ချနေသလို စစ်တွေမြို့ ပလုပ်တောင်ရပ်ကွက်ရှိ အမင့်ပျိုးခင်း ရခိုင်စာ သင်ကျောင်းတွင်လည်း ရခိုင်ဘာသာဖြင့်ထုတ်ဝေထားသည့်  ရခိုင်သင်ရိုးဖတ်စာကို သင်ကြားပေးလျှက် ရှိနေခြင်းဖြစ်သည်။
  www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်