Subscribe to our RSS Feed

မြစ်ရေကြီးမှုနှင့် မိုးသန်းထန်မှုတွေကြောင့် ဆုံးရှုံးမှုရှိတဲ့ တောင်သူလယ်သမား များကို ကူညီပံ့ပိုးဖို့ အရေးပေါ် ကူညီထောက်ပံ့ရေး လုပ်ငန်းအဖွဲ့ ဖွဲ့စည်း


From : ခေတ်လူငယ်


ယခုနှစ် မိုးစပါးရာသီ ဇူလိုင်၊ သြဂုတ်လများမှာ မြစ်ရေကြီးခြင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် အချို့ဒေသများမှာ စပါးစိုက်ခင်းများ၊ ပျိုးခင်းများ ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေပါတယ်။ ရေကြီးဒဏ် ခံနေရတဲ့ ဆန်စပါးစိုက် တောင်သူလယ်သမားများကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း (MRIA) က အသင်းဝင်များနဲ့ အသင်းဝင်မဟုတ်တဲ့ တောင်သူများကိုပါ တတ်အားသရွေ့ ကူညီထောက်ပံ့ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တောင်သူများကို အချိန်နဲ့တစ်ပြေးညီ ကူညီထောက်ပံ့မှု ပေးနိုင်ရေးအတွက် အရေးပေါ် ကူညီထောက်ပံ့ရေးလုပ်ငန်းအဖွဲ့ (Emergency Early Response Team (EERT)) ကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း အထွေထွေအတွင်းရေးမှူးမှ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး တွဲဖက်အတွင်းရေးမှူးများ၊ အသင်းဗဟို အလုပ်အမှုဆောင်များ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ အနောက်ပိုင်းမှ အသင်းတာဝန်ရှိသူများ ပါဝင်ဖွဲ့စည်းထားကြောင်း သိရပါတယ်။ EERT အဖွဲ့အနေနဲ့ ရေကြီး၊ ရေမြှုပ်မှု သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ရေမြှုပ်နေတဲ့ စိုက်ခင်းများကို သက်ဆိုင်ရာ အသင်းခွဲများရဲ့ အကူအညီနဲ့ ရေမြှုပ်မှု အချိန်ကာလအလိုက် ပြန်လည်စိုက်ပျိုးဖို့ လိုအပ်မှုရှိ၊ မရှိ ဖော်ထုတ်ခြင်း၊ ပြန်စိုက်ပျိုးဖို့လိုတဲ့ နေရာဒေသများအတွက် မျိုးစပါးများ အချိန်မီ ဖြန့်ဖြူးပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခြင်း၊ ရေမြှုပ်မှုကြောင့် စပါးအထွက်နှုန်း ထိခိုက်နိုင်တဲ့ စိုက်ခင်းများအတွက် လိုအပ်တဲ့သွင်းအားစုများ ပံ့ပိုးပေးနိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်ခြင်း၊ ရာသီဥတု ပြောင်းလဲမှု အခြေအနေကို တောင်သူများ သိရှိနိုင်ပြီး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုများကို စောစီးစွာ ဆောင်ရွက်နိုင်ဖို့အတွက် အသင်းခွဲများ၊ ဆန်စပါးအထူးပြုကုမ္ပဏီများနဲ့ ညှိနှိုင်းဆောင်ရွက်ခြင်း၊ ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ခံရတဲ့ စိုက်ဧကများကို ပြန်လည်စိုက်ပျိုး ထူထောင်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန အပါအဝင် အခြားဌာနများ၊ အခြားလူမှုရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ အောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် တောင်ပိုင်းတွေမှာ မိုးကြီးရေလျှံမှုတွေ ရှိပေမယ့် အလယ်ပိုင်းနဲ့ အထက်ပိုင်း အချို့ဒေသတွေမှာ မိုးခေါင်တဲ့အတွက် တချို့ဒေသတွေမှာဆိုရင် လက်ရှိအချိန်ထိ စပါးစိုက်ပျိုးရခြင်း မရှိသေးဘူးလို့ သိရပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း မြန်မာနဲ့ အလားတူ မိုးသည်းထန်တဲ့ နေရာတွေရှိသလို မိုးခေါင်တဲ့ဒေသတွေလည်း ရှိတဲ့အတွက် အစိုးရက သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေနဲ့ ပူးပေါင်းကာ ရေငတ်ခံနိုင်တဲ့ စပါးမျိုးများ ထောက်ပံ့ခြင်း၊ ရေသွင်းစိုက်ပျိုးနိုင်ဖို့ ဒီဇယ်များ ပံ့ပိုးပေးခြင်းတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ယခုနှစ် မိုးခေါင်တဲ့ဒေသများမှာလည်း အလားတူ ကူညီထောက်ပံ့မှုမျိုးကို ယခုဖွဲ့စည်းတဲ့ EERT မှ နိုင်ငံတော်နဲ့ ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ကူညီဆောင်ရွက်နိုင်မယ်ဆိုရင် မိုးခေါင်ရပ်ဝန်းက တောင်သူများလည်း ထိခိုက်ဆုံးရှုံးမှု သက်သာမှာဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ထုတ် Commerce ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်