Subscribe to our RSS Feed

ဆီးဂိမ်းလှုံ့ဆော်ရေး အစီအစဉ်များ ရုပ်သံထုတ်လွှင့်ခွင့်ရရန် အား/ကာသို့ တင်ပြထား


From :ခေတ်လူငယ်

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် မတိုင်မီ လှုံ့ဆော်ရေး အစီအစဉ်များအတွက် ရုပ်သံလိုင်း ထုတ်လွှင့်ခွင့်ရရန် အားကစားဝန်ကြီးဌာနသို့ အေဒီအမ် မီဒီယာက တင်ပြထားကြောင်း သိရသည်။ သြဂုတ် ၁၁ ရက်က ရှုခင်းသာဟိုတယ်တွင် ပြုလုပ်သော (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် တေးသီချင်းစီးရီး၊ လှုံ့ဆော်ရေး အစီအစဉ်များ မိတ်ဆက်ခြင်း အခမ်းအနားတွင် အေဒီအမ် မီဒီယာမှ မန်နေဂျင်းဒါရိုက်တာ ဦးဝေမင်းမောင်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ “ကျွန်တော်တို့ မီဒီယာအနေနဲ့ ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ဆီးဂိမ်းလှုံ့ဆော်ရေးအတွက် ရုပ်သံလိုင်း ထုတ်လွှင့်နိုင်အောင် စီစဉ်နေပါတယ်။ အရင်ဆုံး အားကစားဝန်ကြီးဌာနကို ရုပ်သံလိုင်းနဲ့ ပတ်သက်တဲ့ ပရိုဂရမ်တွေ တင်ပြထားပါတယ်” ဟု ဆိုသည်။ အဆိုပါ ရုပ်သံလိုင်းကို နိုင်ငံတော်က ခွင့်ပြုပါက ၂၀၁၃ ခုနှစ်၊ မေလတွငြ် ထုတ်လွှင့်မည်ဖြစ်ပြီး ရုပ်သံတင်ဆက်သူများအဖြစ် သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗို၊ မြင့်မြတ်တို့နှင့် သဘောတူညီမှု ရရှိထားပြီး အားကစားကဏ္ဍများကို အထူးဦးစားပေးကာ တင်ဆက်မည်ဟု သိရသည်။ ယင်းအစီအစဉ် တေးစီးရီးတွင် ပါဝင်သီဆိုထားသော ဇော်ဝင်းထွဋ်၊ လေးဖြူ၊ R ဇာနည်၊ ထူးအယ်လင်း၊ သြရသ၊ ဟဲလေး၊ သားစိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဂျင်းနီ၊ နီနီခင်ဇော်၊ L ဆိုင်းဇီ၊ လေးလေးဝါး၊ ဆုန်သင်းပါရ်၊ မြင့်မြတ် အစရှိသော အဆိုတော်များနှင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး စသည့်မြို့များတွင် လိုက်ဖ်ရှိုးအစီအစဉ်များ၊ နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲများ၊ အမ်တီဗွီနှင့် အခြားအစီအစဉ်များဖြင့် စိတ်ဝင်စားဖွယ် ရိုက်ကူးထုတ်လွှင့်သွားမည်ဟု ဦးဝေမင်းမောင်က ပြောကြားခဲ့သည်။ ထုတ်လွှင့်မှုပုံစံနှင့် ပတ်သက်၍ “ကျွန်တော်တို့လုပ်မယ့် ရုပ်သံလိုင်းက Free to Air တော့ မဟုတ်ဘူး။ အခပေး ရုပ်သံလိုင်း လုပ်မှာပါ” ဟု ပြောသည်။ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ယှဉ်ပြိုင်မှုများနှင့် ပတ်သက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု၊ delay ထုတ်လွှင့်မှုတို့ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)၊ Forever Media Group၊ ရွှေသံလွင်မီဒီယာတို့အား ပူးပေါင်းထုတ်လွှင့်ရန် ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်ထားကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။




Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်