Subscribe to our RSS Feed

ရန်ကုန်-ပုသိမ် မော်တော်ယာဉ်ကြီးများ နေ့ဘက်တွင် သွားလာနိုင်


From : ခေတ်လူငယ်

ရန်ကုန်-ပုသိမ် ကားလမ်းမကြီးတွင် မော်တော်ယာဉ်များ သွားလာနိုင်ကြောင်းနှင့် ကုန်စည်ပို့ဆောင်ခ နှုန်းထားများလည်း သိသာစွာ မြင့်တက်လာခြင်း မရှိကြောင်း ရန်ကုန်-ပုသိမ် ကုန်စည် ပို့ဆောင်ရေး ယာဉ်မောင်းများနှင့် ကားဂိတ်များမှ သိရသည်။ ကန်ကြီးထောင့်မြို့နယ် ဒါးကကျေးရွာအနီး ရဲစခန်းနှင့် ကားလမ်းဖြတ် ရထားသံလမ်းကြား မိုင်ဝက်ခရီးဝန်းကျင် အကွာဝေးရှိသော နေရာတွင်မူ ရေကျော်နေပြီး ချိုင့်ခွက်များ ဖြစ်ပေါ်နေခြင်းကြောင့် ကားများသွားလာရာ၌ အထူးသတိထား မောင်းနှင်ရကြောင်း ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။ “ကြိမ်ချောင်း တံတားကနေ ပုသိမ်ဘက်ကို သွားတဲ့လမ်း နှစ်ဖာလုံခန့်မှာလည်း ရေပြင်ကြီးတွေ ဖြစ်နေတယ်။ သက်ဆိုင်ရာက လမ်းခင်းကျောက်တွေ ချထားပြီး တားဆီးကာကွယ် ပေးထားတယ်။ ယာဉ်အန္တရာယ် မဖြစ်ဖို့အတွက် ညဘက်တွေကို ဖြတ်သန်းအသုံးပြုခွင့် မပေးဘူး၊ နေ့အချိန် သွားလို့ရတဲ့ အတွက်ကြောင့် ရန်ကုန်-ပုသိမ် ကုန်ကားတွေ သွားလို့ရတယ်” ဟု ပုသိမ်ကားဂိတ် တာဝန်ခံတစ်ဦးက ပြောသည်။ ၂၀၀၅ ခုနှစ်အတွင်းကလည်း ကန်ကြီးထောင့်မြို့နယ်တွင် ကားလမ်းပေါ် ရေကျော်ခဲ့ပြီး ယာဉ်သွားလာမှု ခုနစ်ရက်ခန့် ပြတ်တောက်ခဲ့သောကြောင့် ရေလမ်းခရီးကို အသုံးပြုခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ သဘာဝဘေးအန္တရာယ်များကြောင့် လမ်းခရီးကို လွယ်ကူချောမွေ့စွာ မသွားလာနိုင်သော်လည်း ကုန်စည်ပို့ဆောင်ခ နှုန်းထားများ သိသာစွာ မြင့်တက်လာခြင်း မရှိကြောင်းနှင့် မော်တော်ယာဉ်များ ညပိုင်းတွင် မောင်းနှင်ခြင်း မပြုနိုင်သည့်အတွက် ကားဂိတ်များတွင် တင်ပို့ကုန်များ စုပုံနေကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်