From : ခေတ်လူငယ်
ဘဏ်ကိုလာစရာမလိုဘဲ ကိုယ့်ရဲ့ဘဏ်စာရင်းထဲကို ငွေသွင်းလို့ရမယ့် ငွေသွင်းစက်တွေ ထားရှိအသုံးပြုဖို့ ဘဏ်အချို့ ကြိုတင်ပြင်ဆင်နေပြီလို့ ဆိုပါတယ်။ လက်ရှိမှာ အေတီအမ်စက်နဲ့ ငွေထုတ်လို့ရတဲ့အပြင် အေတီအမ်ကတ် တူညီစွာ ကိုင်ထားသူအချင်းချင်းက ကတ်ထဲကို ငွေလွှဲလို့ရပါတယ်။ အခုထပ်ပြီး အေတီအမ် ငွေသွင်းစက်သုံးစွဲဖို့ ဗဟိုဘဏ်က ခွင့်ပြုချက်ကျလာတာနဲ့ တစ်ပြိုင်နက် တပ်ဆင် အသုံးပြုနိုင်အောင် စမ်းသပ် ပြင်ဆင်နေတာပါ။ ကမ္ဘောဇဘဏ် အေတီအမ်ကတ်ဌာနမှ တာဝန်ရှိသူ ကိုနိုင်လင်းက ‘ကျွန်တော်တို့ဆီ အေတီအမ်စက် ရောင်းချတဲ့ ဂျာမနီနိုင်ငံကအဖွဲ့က ဒီမှာသုံးလို့ရမယ့် ငွေသွင်းစက် စမ်းသပ်နေတယ်၊ မြန်မာနိုင်ငံက ငွေကြေးကိုသိဖို့၊ ငွေကြေးအတုအစစ် ခွဲနိုင်ဖို့ စမ်းသပ်နေတာပါ၊ သူတို့ စမ်းသပ်ပြီးရင်တော့ ကျွန်တော်တို့ဘဏ်မှာ တစ်ခါတပ်ပြီး စမ်းသုံးရဦးမယ်၊ ဆော့ဖ်ဝဲပိုင်း ပြန်ရေးရမယ်၊ ဒီစက်သုံးဖို့ ခန့်မှန်းခြေ လေး၊ ငါးလလောက်တော့ ကြာဦးမယ် ထင်တယ်’ လို့ ပြောပါတယ်။ အခု အသုံးပြုနေတဲ့ ငွေထုတ်စက်မှာက စက်ထဲမှာ ငွေစက္ကူ ညပ်တာမျိုး မဖြစ်အောင် ငွေစက္ကူ အသစ်တွေကိုသာ ထုတ်ပေးတာ ဖြစ်တယ်။ ငွေသွင်းစက် အသုံးပြုဖို့ကတော့ ငွေစက္ကူအသစ်၊ အလတ်၊ အဟောင်းအနွမ်း စတဲ့ အခြေအနေနဲ့ ကိုက်ညီအောင် ငွေစက္ကူတွေ ရောနှောပြီး စမ်းသပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ သမဝါယမဘဏ်ရဲ့ အိုင်တီဌာနမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးသိန်းမြင့်က ‘ငွေသွင်းစက်ကို ဘဏ်မှာ စမ်းသပ်နေပါပြီ၊ အဲဒီ အမေရိကန်နိုင်ငံထုတ် ငွေသွင်းစက်မှာ ငွေစက္ကူ အတုအစစ်ကို စစ်ဆေးနိုင်တယ်၊ စမ်းသပ်နေတာကတော့ တစ်ထောင်ကျပ်၊ ငါးထောင်ကျပ်တန် နှစ်မျိုးနဲ့ ငွေသွင်းလို့ ရအောင်ပါ’ လို့ ပြောပါတယ်။ အေတီအမ် ငွေသွင်းစက်နဲ့ တစ်နေ့ကို ငွေဘယ်လောက်အထိ သွင်းနိုင်မလဲ ဆိုတာကတော့ ဗဟိုဘဏ်ရဲ့ ချမှတ်ထားတဲ့ ပေါ်လစီအတိုင်း သွားမှာဖြစ်ပြီး များမကြာမီ အေတီအမ် ငွေသွင်းစက် တပ်ဆင်အသုံးပြုလာနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဘဏ်တချို့က ဆိုကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်