From : စောလင်း
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို တိုးချဲ့တည်ဆောက်ခြင်း၊ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ၊ စီမံခန့်ခွဲရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ အပါအ၀င် လေဆိပ်လုပ်ငန်းများအားလုံးကို ပုဂ္ဂလိကသို့ အလုံးစုံ လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိပါသည်။ ယင်းသို့လေဆိပ်လုပ်ငန်းများ ကို ပုဂ္ဂလိကသို့အလုံးစုံလုပ်ကိုင်ခွင့် ပေးရာတွင် လုပ်ငန်းရှင်များမှ သင့်လျော်သည့် ရင်းနှီးမြုပ်နှံမှုဖြင့် ပူးပေါင်းဆောင်ရွက် နိုင်ရန် ပြည် တွင်း၊ ပြည်ပလုပ်ငန်းရှင်များအား အကြိုအရည်အချင်း စစ်ဆေးသည့် လျှောက်လွှာကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှ ဒီ ဇင်ဘာလ ၅ ရက်နေ့အထိ ခေါ်ယူသွားမည်ဖြစ်သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေဆိပ်ဝန်ဆောင်မှုလုပ်ငန်း၊ လေယာဉ်ပြေးလမ်းနှင့်သက်ဆိုင်သော လေယာဉ်ကွင်းဆိုင်ရာ ၀န်ဆောင်မှု လုပ်ငန်း၊ ပြေးလမ်းနှင့် အဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းနှင့် လေကြောင်း ထိန်းသိမ်းရေးလုပ်ငန်း ဟူ၍လေဆိပ်လုပ်ငန်း လေးခုရှိကြောင်း သိရသည်။ အဆိုပါ လေဆိပ်လုပ်ငန်းလေး ခုရှိသည့်အနက် လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများအား ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ Pioneer Aerodrome Services ကုမ္ပဏီသို့ နှစ်ရှည်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့သည်၊၊ ယခုပြည်တွင်းပြည်ပလုပ်ငန်းရှင်များအား လုပ်ငန်းလုပ်ကိုင်ခွင့်ပြုမည့် လေဆိပ်လုပ်ငန်းများတွင် အဆိုပါ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများလည်း ထပ်မံပါဝင်မည်ဟု သိရသည်။ “အခုပုဂ္ဂလိကကို လုပ်ကိုင်ခွင့် ပြုသွားမယ့် လေဆိပ်လုပ်ငန်းတွေထဲ မှာ လေဆိပ်လုပ်ငန်းလေးခုစလုံးပါ ပါတယ်။ လေကြောင်းထိန်းသိမ်းရေး လုပ်ငန်းကတော့ မြန်မာနိုင်ငံဝေဟင် ပိုင်နက်တစ်ခုလုံးကို ထိန်းသိမ်းတဲ့ လုပ်ငန်းမှာ ပုဂ္ဂလိကကိုပေးဖို့ မရှိပေမယ့် ရန်ကုန်လေဆိပ်ကို ဦးတည် ဆင်းသက်တဲ့ လေယာဉ်တွေအတွက် လေကြောင်းထိန်း ၀န်ဆောင်မှု လုပ်ငန်းကိုပေးဖို့တော့ ထည့်သွင်း စဉ်းစားထားပါတယ်” ဟု လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ လေဆိပ်သို့ ၂၀၁၂ ခုနှစ်ကုန် တွင် ခရီးသည်ခရီးသည် ငါးသန်း နီးပါး ၀င်ရောက်မည်ဟု မျှော်မှန်း ထားသည့်အတွက် ရန်ကုန်လေဆိပ်အား မဖြစ်မနေတိုးချဲ့တည်ဆောက်ရန် လိုအပ်လာ၍ လေဆိပ်အားတိုးချဲ့ တည်ဆောက်ခြင်းနှင့် လေဆိပ်ဝန် ဆောင်မှုလုပ်ငန်းများအား ပုဂ္ဂလိကသို့ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်