Subscribe to our RSS Feed

တက္ကသိုလ်ကျောင်းသားများကို ပညာသင်ဆုပေးမည်

From :ခေတ်လူငယ်


မန္တလေးမြို့တော်တွင် ယခုနှစ် တက္ကသိုလ်တက်ရောက်မည့် ကျောင်းသားများကို ပညာသင်ဆုပေးမည့် အဖွဲ့အစည်းများ ရှိနေပြီး တက္ကသိုလ်တက်ရောက်ရန် အခက်အခဲရှိသူများကို ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့အစည်းများနှင့် ဆရာ၊ ဆရာမများထံမှ စုံစမ်းသိရှိရသည်။ ယင်းတို့အနက် Bayan Seed Future Prospect အဖွဲ့၏ တာဝန်ရှိသူ ဒေါက်တာကျော်ထွန်းက ၄င်းတို့အဖွဲ့အစည်းအနေဖြင့် လစဉ်ထောက်ပံ့ငွေ ၇၀၀၀၀ နှင့် ၈၀၀၀၀ ကျပ်ကြားပေးရန် ရည်မှန်းထားပြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ (ပညာရေးတက္ကသိုလ် အပါအဝင်) သို့ တက်ရောက်မည့် သို့မဟုတ် တက်ရောက်ဆဲ ဆင်းရဲနွမ်းပါးသည့် ကျောင်းသားမည်သူမဆို လျှောက်ထားနိုင်ကြောင်း၊ ကျောင်းသား၏ အချက်အလက်များပေါ် မူတည်၍ စဉ်းစားဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ Bayan Seed Prospect အဖွဲ့အစည်းသည် အောင်သုခ၊ အမှတ်(၁၄၉)၊ ၂၉-၃၀ လမ်းကြား၊ ၇၄ လမ်း မန္တလေးမြို့တွင်ရှိပြီး ဒေါက်တာကျော်ဦး ၀၉-၄၄၄၀၁၆၃၂၂ သို့ ဆက်သွယ်နိုင်မည် ဖြစ်သည်။ Eduzone ပညာရေးစင်တာမှ ကျောင်းအုပ် ဦးကျော်ဆန်းက ၄င်းတို့အနေဖြင့် တက္ကသိုလ်တက်ရန် အခက်အခဲရှိသော ကျောင်းသားများအား ထောက်ပံ့ပေးကြောင်း၊ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ မှ ကျောင်းသား၊ ကျောင်းသူ မည်သူမဆို လျှောက်ထားနိုင်ပြီး လိုအပ်သော အပိုင်းကို ဖြည့်ဆည်းပေးကြောင်း ပြောဆိုသည်။ ယင်းအဖွဲ့အစည်းသည် ယခု လက်ရှိ အချိန်ထိ ကျောင်းသား ၅၇ ဦးအား ထောက်ပံ့ပေးနေကာ ယခုနှစ်တွင်လည်း ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုအဖွဲ့အစည်းသည် ၇၇၊ ၇၈ လမ်း၊ ၃၂ လမ်းနှင့် (ဇောတိက လမ်းသွယ်ကြား) ဒုတိယထပ်၊ တိုက်အခန်း နံပါတ် B2/3S တွင်ရှိပြီး ဖုန်း-၀၉-၉၁၀၀၀၇၂၃၊ ၀၂-၆၉၃၂၁ သို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။ ဗြဟ္မစိုရမ်လူမှုကူညီရေး အသင်းကြီးမှ တာဝန်ရှိသူတစ်ဦးကမူ အသင်းထံမှ တက္ကသိုလ်ဝင်တန်း တက်ရောက်အောင်မြင် သွားသော ကျောင်းသားများအနက်မှ တက္ကသိုလ်ဆက်လက် တက်ရောက်ရန် အခက်အခဲရှိသော ကျောင်းသားများကိုသာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ယခုအခါ တက္ကသိုလ်ဝင်တန်းများကို အခမဲ့ သင်ကြားပေးလျက်ရှိပြီး မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။ ချမ်းမြသုခ လူမှုကူညီရေးအသင်းမှ အတွင်းရေးမှူး ဦးလှအောင်က တက္ကသိုလ်ဝင်တန်းများအတွက် ၄င်းတို့အသင်းက အခမဲ့ပညာသင်ကြား ပေးနေကြောင်း၊ မည်သူမဆို တက်ရောက်နိုင်ကြောင်း၊ အသက်အရွယ်မရွေး တက်ရောက်နိုင်သော အင်္ဂလိပ်စာ အခမဲ့သင်တန်းများလည်း ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်က တက္ကသိုလ်ကျောင်းသားများကို ဆက်လက်ထောက်ပံ့နေရသောကြောင့် ယခုနှစ်တွင်မူ အသစ်ထပ်မံ မထောက်ပံ့နိုင်ကြောင်း ရှင်းပြသည်။ အဆိုပါအသင်းမှာ ရွှေစံကိုင်ကျောင်းတိုက်၊ မြို့ဟောင်းဈေးတောင်ဘက်၊ တမ္ပဝတီ၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့တွင် တည်ရှိပြီး ဖုန်း-၀၂-၅၉၁၆၄၊ ၀၉-၂၀၂၁၆၆၇ တို့သို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။ မန္တလေးမြို့တွင် ယခုကဲ့သို့ တစ်ဦးချင်းသော်လည်းကောင်း၊ မိတ်ဆွေများစုပေါင်း၍ အသင်းအဖွဲ့အဖြစ် လည်းကောင်း၊ ပညာသင်စရိတ် ထောက်ပံ့ပေးသည့် အဖွဲ့ရှစ်ဖွဲ့ခန့် ရှိသော်လည်း အဖွဲ့အားလုံးလိုလိုမှာ သက်မွေးဝမ်းကျောင်း တက္ကသိုလ်တက် ကျောင်းသူကျောင်းသားများ အတွက်သာ ရည်ရွယ်ပေးနေကြသဖြင့် ရိုးရိုးဝိဇ္ဇာသိပ္ပံ ကျောင်းသားများအတွက်မူ အခွင့်အရေးမရှိကြောင်း ရတနာပုံတက္ကသိုလ် ဥပဒေမဟာတန်း ပထမနှစ်မှ ကျောင်းသူတစ်ဦးက ပြောကြားခဲ့သည်။
 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်