Subscribe to our RSS Feed

မည်သည့်နိုင်ငံကမှ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှု အဖြစ်မခံနိုင်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

From : ခေတ်လူငယ်

မည်သည့်နိုင်ငံကမှ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှု အဖြစ်မခံနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အောက်တိုဘာလ ၂၁ ရက်နေ့တွင် နေပြည်တော် မီဒီယာ တွေ့ဆုံပွဲ၌ ပြောကြားခဲ့ပါသည်။ နိုင်ငံတော် သမ္မတသည် Myanmar Independent ဂျာနယ်မှ မေးမြန်းခဲ့သော "တရုတ်နိုင်ငံနဲ့ ဖက်စပ်လုပ်တဲ့ စီမံကိန်း တော်တော်များများကို မြန်မာပြည်သူတွေက မကျေနပ်ကြဘူး။ သမ္မတကြီး ကိုယ်တိုင်လည်း မြစ်ဆုံစီမံကိန်းကို ရပ်ထားတယ်။ အခု လက်ပံတောင်းတောင် စီမံကိန်းကိုလည်း ပြည်သူတွေက ဆန့်ကျင်တယ်။ ရှေ့ဆက် တရုတ်နိုင်ငံနှင့် စီးပွားရေး မည်ကဲ့သို့ လုပ်ဆောင်သွားမည်နည်း" ဟူသော မေးခွန်းကို ဖြေကြားရာ၌ ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။ "ကျွန်တော်တို့နိုင်ငံကို တရုတ်ကချည်း လွှမ်းမိုးသွားတာ၊ အမေရိကန်ကချည်း လွှမ်းမိုးသွားတာ၊ ကျန်တဲ့ နိုင်ငံတွေကလာပြီး လွှမ်းမိုးသွားတယ်ဆို နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ ဒါမျိုး အဖြစ်မခံပါဘူး။ မူဝါဒမှာလည်း ဒီအတိုင်း ချထားပါတယ်။ နောက်တစ်ချက်ကတော့ အချုပ်အခြာအာဏာကို ထိပါးမခံပါဘူး" ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါသည်။ သို့သော် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့်အပြင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားချိန်၌ အကူအညီပေးမှုများ ရှိခဲ့သည့်အတွက် ကျေးဇူးရှိသော နိုင်ငံဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။ "ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ တိုင်းပြည်ကို စီးပွားရေးတွေ ပိတ်ဆို့ထားတဲ့အချိန်၊ ဘယ်နိုင်ငံကမှ ကျွန်တော်တို့ကို လှည့်ပြီးမကြည့်တဲ့အချိန်၊ ဘယ်နိုင်ငံကမှ ကျွန်တော်တို့ကို အကူအညီမပေးတဲ့ အချိန်မှာ ကျွန်တော်တို့ကို စာနာပြီးတော့ ချေးငွေပေးတာတွေကို တရုတ်နိုင်ငံကပဲ ဆောင်ရွက်ပေးနေတယ် ဆိုတာ အားလုံးသိပါတယ်။ နိုင်ငံတကာမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်ကနေ အမြဲတမ်းထောက်ခံပြီးတော့ ရပ်တည်ခဲ့တဲ့ နိုင်ငံပါ။ သိပ်ပြီးတော့ အခက်အခဲ အကြပ်အတည်း ကြုံလာတဲ့အခါမှာ သူတို့ရဲ့ ဗီတိုအာဏာကို သုံးပြီးတော့ မြန်မာနိုင်ငံဘက်က ထောက်ခံခဲ့ပါတယ်။ ကိုယ့်နိုင်ငံကို ဘယ်သူကမှ ဆေးဖော်ကြောဘက် မလုပ်တဲ့အချိန်၊ ဘယ်နိုင်ငံမှ အကူအညီမပေးတဲ့အချိန်၊ ဘယ်နိုင်ငံမှ လှည့်မကြည့်တဲ့အချိန်၊ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုကူညီ စောင့်ရှောက်တာ တရုတ်မှ မဟုတ်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် ဒီကျေးဇူးတရားတွေကို မမေ့ကောင်းပါဘူး" ဟု နိုင်ငံတော်သမ္မတက ပြောပါသည်။ "ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ကိုယ်ရင်းနှီးမြှုပ်နှံချင် သလို လာပြီးတော့ ရင်းနှီးမြှုပ်နှံလို့ မရပါဘူး။ ဥပဒေတွေ ရှိပါတယ်။ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဒီဟာတွေကို မူဝါဒအနေနဲ့ ချမှတ်ထားတာပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာပြီဆိုရင် တစ်အချက်က ကိုယ့်တိုင်းရင်းသား အကျိုးစီးပွားကို မထိခိုက်စေရပါဘူး။ နောက် ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေရပါဘူး" ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။  

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်