Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုးရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့ရှိ STX သင်္ဘော တည်ဆောက်ရေးလုပ်ငန်းကို သွားရောက်လေ့လာ

From :သမ္မတရုံး

နေပြည်တော် အောက်တိုဘာ ၁၁
ကိုးရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့တွင်ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ(၁၀)ရက် နံနက်ပိုင်းတွင် ဘူဆန်မြို့ရှိ STX သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကို သွားရောက်လေ့လာသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များလိုက်ပါလျက် ဒေသစံတော်ချိန် နံနက် (၉)နာရီတွင် ဆိုးလ်မြို့မှ အထူးရထားဖြင့်  ထွက်ခွာခဲ့ရာ ဘူဆန်မြို့သို့ နံနက် (၁၀)နာရီ တွင် ရောက်ရှိကြသည်။

ထိုမှတစ်ဆင့် STX သင်္ဘောတည်ဆောက်ရေးလုပ်ငန်းသို့ ရောက်ရှိကြရာ ကုမ္ပဏီ အစည်းအဝေးခန်းမ၌ STX Group ကုမ္ပဏီဥက္ကဋ္ဌ Mr.Kang Duk Soo ကကုမ္ပဏီ၏လုပ်ငန်း များဆောင်ရွက်နေမှုနှင့် မြန်မာနိုင်ငံတွင် သင်္ဘောကျင်းလုပ်ငန်းနှင့် လျှပ်စစ် စွမ်းအင်ကဏ္ဍတို့တွင် လာရောက်လုပ်ကိုင်လိုကြောင်း ရှင်းလင်းတင်ပြသည်။

နိုင်ငံတော်သမ္မတကလည်း မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် အထူးစီးပွားရေးဇုန် (၃)ခုတွင် လာရောက်ရင်းနှီးမြှပ်နှံရေး၊ ကျေးရွာမီးလင်းရေးအတွက် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားရရှိရေး၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးနှင့် သင်္ဘောကျင်းလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ကမ်းလှမ်းခဲ့ရာ STX Group ကုမ္ပဏီ ဥက္ကဋ္ဌက မြန်မာနိုင်ငံသို့ လာရောက်၍ အသေးစိတ် လေ့လာဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြန်လည်တင်ပြပါသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းခွင် နှင့် ဘူဆန်မြို့ရှိ Pusan New Port International Terminal တို့ကို မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှုလေ့လာကြသည်။

အဆိုပါ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကို ၁၉၆၂ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဥရောပတို့တွင် အခြေပြု၍ ကုန်တင်သင်္ဘောများ၊ ကမ်းလွန် ရေနံတူးဖော်ရေး လုပ်ငန်းသုံး သင်္ဘောများ၊ ဇိမ်ခံသင်္ဘောများနှင့် ရေတပ်သုံး စစ်သင်္ဘောများကို တည်ဆောက်ထုတ်လုပ်လျက်ရှိသည်။ ကုမ္ပဏီ၏ရင်းနှီးမြှုပ်နှံမှုမှာ ၀မ်ငွေ (၁၄.၅) ထရီလျံရှိပြီး ကိုရီးယားသမ္မတနိုင်ငံတွင် စတုတ္ထအကြီးဆုံး သင်္ဘော တည်ဆောက်သည့် ကုမ္ပဏီဖြစ်ကြောင်း သိရှိရပြီး ၎င်းကုမ္ပဏီအနေဖြင့် ဘူဆန်နှင့် ဂျင်ဟေးတို့တွင် နှစ်ပေါင်း(၄၀)အတွင်း သင်္ဘောအစင်းပေါင်း (၇၀၀) ခန့် တည်ဆောက် ပေးခဲ့ပြီးဖြစ်သည်။ STX Group ကုမ္ပဏီအနေဖြင့်  သင်္ဘောတည်ဆောက်ရေးလုပ်ငန်းအပြင် စွမ်းအင် ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ အကြီးစား စက်မှုလုပ်ငန်းကဏ္ဍနှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍစသည်တို့တွင်လည်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ဆိုးလ်မြို့အင်ချွန်း လေဆိပ်သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိကြပြီး ညနေပိုင်းတွင် မြန်မာနိုင်ငံ သို့ လေကြောင်းခရီးဖြင့် ဘန်ကောက်မြို့မှတစ်ဆင့် ပြန်လည်ထွက်ခွာကြသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာန၀န်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Kim Hae Yong ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးညွှန့်လှိုင်၊ စစ်သံမှူး ဗိုလ်မှူးချုပ် မြင့်ဟိန်း၊ သံရုံးနှင့် စစ်ရုံးတို့မှ ၀န်ထမ်းများနှင့် မိသားစုများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား ထိုင်းနိုင်ငံဘန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြစဉ် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံအမတ်ကြီး ဦးတင်ဝင်း၊ စစ်သံမှူး ဗိုလ်မှူးကြီး ဦးဝင်းမောင်၊ သံရုံးနှင့် စစ်သံရုံးတို့မှ ၀န်ထမ်းများ၊ မိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။

  Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်