Subscribe to our RSS Feed

ချစ်ချင်းရယ်ပြိုင်ကြမည့် ချစ်သူများနေ့

From :  Myit Makha Mediagroup on 13 Feb, 2013

 ဆေးရောင်တွေ ကွာကျနေသည့် နံရံအထက်က  calendar တစ်ခုတွင် မျဉ်းနီဖြင့် ကြက်ခြေခတ် အမှတ်အသား ခြစ်ထားသည့် ရက်တစ်ရက်။
 
 ၁၀ ပေ ပတ်လည်သာရှိသည့် အခန်းကျဉ်းတွင် ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းအလုပ်သမများဖြစ်ကြ သည့်  အမျိုးသမီးငယ် (၅) ယောက် နေထိုင်ကြသည်။
 
ကဲ.. ငါတို့ မကြာခင် ချောကလက် စားရတော့မယ် လို့ အသက် (၁၄) နှစ်ရှိ စောနန္ဒာက calendar မှ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ကို  ကြည့်ရင်း သူငယ်ချင်းတွေကို  စနောက်လိုက်သည်။
 
ဂုတ်ဝဲ ဆံကေသာနှင့် အမျိုးသမီးငယ်က အဝတ်အိတ်ထဲမှ အကြွေ (၂) ရာတန်၊ (၅၀၀) တန် ငွေ ကို အခေါက်အခါအခါ ကြည့်ရင်း ရေတွက်နေကာ ညည်းညူနေသည်။ Valentine’s Day လို့ခေါ်သည့် ချစ်သူများနေ့က မကြာမီ ရောက်လာပါတော့မည်။ သူမမှာ ငွေ အနည်းငယ်သာရှိသည်။
 
 (၂) လ ကြိုစုထားသည့် ငွေကြေးပမာဏက သူမ လိုချင်သည့် (၅၀၀၀) တန် အင်္ကျီ မရနိုင်ပေ။
 
 သူတို့သည် လိုင်သာယာစက်မှုဇုန်၊ အထည်ချုပ်စက်ရုံမှအလုပ်သမလေးများ ဖြစ်သည်။ တစ်လလျှင် လစာ ကျပ် (၅ သောင်း) မှ (၆ သောင်း) ကြားသာရရှိသဖြင့် တစ်လ.. တစ်လလျှင် အိမ်လခနှင့် ထမင်းစားရိတ်အတွက်သူတို့မှာ မလုံလောက်သည့်အပြင် အိမ်ကို ပိုက်ဆံ ပို့ရသည်က စိတ်မောစရာပင်။
 
 ဒါပေမဲ့ သူတို့ ချစ်ရသောသူကို ပျော်ရွှင်စေလိုသည်။ ကဗျာမဆန်နိုင်စေကာမူ ချစ်သူအတွက် အမှတ်တရ ဖြစ်စေချင်သည်။ ချစ်သူများနေ့ရက်အတွက် သူတို့ နှစ်စဉ် ရက်ပေါင်းများစွာများစွာ ပိုက်ဆံစုဆောင်းထားရသည်။
 
 ပြီးခဲ့တဲ့ နှစ်က တဘက် ဝယ်ပေးတယ်။ ကိုယ်က ချစ်သူရှိတယ်ဆိုတော့ သူငယ်ချင်းတွေကို (၅၀) တန် ချောကလက် ဝယ်ကျွေးတယ် ဟု အသက် (၁၉) နှစ်ရှိ နန်းက ပြောသည်။
 
 ချစ်သူများနေ့သည် အနောက်တိုင်း ယဉ်ကျေးမှုတစ်ရပ်က ဆင်းသက်လာခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၀၀ ခုနှစ် နောက်ပိုင်းမှ စကာ ချစ်သူများနေ့ကို ပိုမို တွင်ကျယ်စွာ လုပ်ဆောင်လာသည်ကို မြင်တွေ့နေရသည်။
 
  ဒီမှာ ခေတ်စားလာတာက ကုန်ပစ္စည်းတွေ ပရိုမိုးရှင်းလုပ်ရင်း၊ ဂျာနယ်တွေကလည်း ဒီအကြောင်းတွေကို ပိုရေးလာကြတော့ ချစ်သူများနေ့ဆိုတာ ဘာလဲ လူတွေက စိတ်ဝင်စားလာကြတယ်။ ရေဒီယိုမှာလည်း နှစ်စဉ် ချစ်သူအတွက် သီချင်းလက်ဆော င်   တောင်းတဲ့ အစီအစဉ် တွေ လုပ်လာကြတယ်။ နောက် စုံတွဲ ပြိုင်ပွဲတွေ ကျင်းပလာတယ်။ စုံတွဲ ဓါတ်ပုံ ပြိုင်ပွဲတွေ လုပ်လာတယ် ဟု ရန်ကုန်ရှိ ကိုငြိမ်းချမ်းက သူ၏ အမြင်ကို ပြောသည်။
 
  ခေတ်စားလာသည့် ချစ်သူများနေ့မှာတော့ ပန်းစည်းပေးခြင်း၊ အမွှေးပွ အရုပ်၊ ချောကလက်ကျွေးခြင်း၊ ပို့စ်ကတ် လဲလှယ်ကြသည်က အလေ့အထတစ်ခုလို ဖြစ်လာသည်။
 
ကုန်အရောင်းစင်တာများတွင် အင်္ကျီ ဆင်တူ၊ ပန်းစည်း၊ ချစ်သူများနေ့ အမှတ်တရ အရုပ်၊ ပို့စ်ကတ်များ ကို ဖေဖော်ဝါရီ လ ဝင်ရောက်သည်နှင့် စတင်ရောင်းချကြပါတော့သည်။
 
 ပြီးခဲ့သည့်နှစ် ချစ်သူများနေ့တွင် ရန်ကုန်မြို့ရှိ ပန်းစည်း ဝန်ဆောင်မှု ပေးနေသည့် ပန်းအရောင်းဆိုင်များတွင်မူ  ဆိုင်တစ်ဆိုင်လျှင် ပန်းစည်း (၅ ထောင်) မှ (၁ သောင်း) အထိ ချစ်သူ စုံတွဲတွေ သဲသဲလှုပ် ဝယ်ယူကြကြောင်း သိရသည်။
 
 ထို့အပြင် ချစ်သူများနေ့အတွက် မိုတယ်၊ တည်းခိုခန်း၊ ဟိုတယ် များတွင်  ကြိုတင် အခန်း မှာယူထားသည်က ခေတ်ရေစီးကြောင်း တစ်ခုလို ဖြစ်လာသည်။ အခန်းကြိုမှာသည့် အလုပ်နှင့် တပြိုင်တည်း ကိုယ့်ချစ်သူကို အတူတူနေထိုင်ရန် ကြိုတင် ချိန်းချက် လုပ်ထားကြသည်ကို တွေ့မြင်နေရသည်။
 
ယခုနှစ် ချစ်သူများနေ့တွင် အသက် (၁၈) နှစ်အောက်ရှိ လူငယ်များအား ရန်ကုန်မြို့တွင်းရှိ ဟိုတယ်များတွင် လက်မခံရန် ရန်ကုန်ဇုန် ဟိုတယ်အသင်းဥက္ကဋ္ဌ ဦးတင်ဝင်းမှဟိုတယ်များထံသို့ အကြောင်းကြားထားကြောင်းသိရသည်။
 
  ဆူမို ဟိုတယ်၊ မြေနီကုန်းက ပတ္တမြား ဟိုတယ် တို့မှာဆိုရင် အဲနေ့အတွက် အခန်းတွေ ကြိုမှာထားတာ ရှိနေပြီ ဟု ဟိုတယ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။
 
  သို့သော် အဆင့်မြင့် ဟိုတယ်မှ ဝန်ထမ်းတစ်ဦးက “ဟိုတယ်ကြီးတွေက ဆီးဂိမ်းအတွက် အခန်းပြည့်နေတယ်။
 
စားသောက်ခန်းတွင်မှာတော့ ချစ်သူများနေ့အတွက် စုံတွဲတွေ ကြိုတင်မှာထားတာတော့ ရှိတယ်။ ဟု ပြောသည်။
 
  တကယ်တမ်း ကမ္ဘာလောကက လက်ခံထားခဲ့သည့် ချစ်သူများနေ့သည် ရောမ ခေတ်တွင် ချစ်သူ နှစ်ဦးကို တိတ်တဆိတ် ထိမ်းမြားပေးခဲ့ခြင်းကြောင့် သေဒဏ်ပေးခံရသည့် ဘုန်းတော်ကြီး  Seint Valentine ကို ဂုဏ်ပြုသည့် အနေဖြင့် ဖေဖော်ဝါရီ (၁၄) ရက်နေ့ကို ချစ်သူများနေ့ အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ ထို ဘုန်းတော်ကြီး ပေးဆပ်မှုကိုကြည့်ပြီး လူငယ်တွေဟာ ကိုယ်မြတ်နိုးတွယ်တာသည့် ချစ်သူကို တန်ဖိုးထားတတ်ရန်၊ ဆက်လက် လက်တွဲနိုင်ရန်နှင့် အမှတ်တရ ပြုလုပ်သည့် အလေ့အထ တစ်ခုပင်ဖြစ်သည်။
 
 ချစ်သူများနေ့ ထွန်းကားလာသည့်နှင့် အမျှ ယနေ့ခေတ် လူငယ်များက ၎င်းနေ့ကို နားလည်မှု လွဲမှားလာကြကို   တွေ့မြင်နေကြရပါသည်။
 
 သို့သော် ကျေးလက်ဒေသတွင် ၎င်းနေ့တွင် ထူးခြားမြတ်နိုးဖွယ် ဓလေ့တစ်ခုကို ဆောင်ရွက်ကြသည်ကိုလည်း မြင်တွေ့ရသည်။
 
ကျွန်မတို့က လယ်လုပ်ကြတာတွေဆိုတော့ ရည်းစားကို လက်ဆောင်မပေးဖူးဘူး။ ပိုက်ဆံလည်းမရှိဘူး။ ကိုယ်လည်း လက်ဆောင်တစ်ခါမှ မရဖူးဘူး။ ဒါမယ့် အဲ့နေ့မှာ နှစ်ယောက် အတူ ဘုရားသွားကြတယ် ဟု ပုဂံဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
 
 လိုင်သာယာမှ နန်း တစ်ယောက် ချစ်သူအတွက် အင်္ကျီ ဝယ်ပေးရန် စိတ်ကူးမှာ မဖြစ်နိုင်တော့ချေ။ သူမသည် တံခါးရွက် နားမှီကာ  ကျပ် (၃၂၀၀) ကို ကိုင်ကာ အဝေးကို ငေးနေပါတော့သည်။
www.MyanmarExpress.net

2 comments:

Its funny! No one care about valentine day in the west where this culture come from..Myanmar people eating their sh its(chee)...hahaha

စာတွေဖတ်ရတာ စိတ်မကောင်းဘူးဗျာ။ ပြန်စဉ်းစားကြည့်ရင် ရည်းစား တစ်ယောက် ထက်ပိုတဲ မိန်းမတစ်ယောက်ကို ဘယ်လိုပုံစံနဲ့ ယုံကြည်ရမှာလဲ။ တန်ဖိုးထားရမှာလဲ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်