Subscribe to our RSS Feed

ဆန်တန်ချိန် ၁ ဒသမ ၃ သန်းထိ ပြည်ပတင်ပို့နိုင်ရန် အလားအလာကောင်း

From : 7day

အာဖရိကဈေးကွက်နှင့် တရုတ်နိုင်ငံမှ ၀ယ်ယူမှုများကြောင့် ပြည်ပသို့ ဆန်တင်ပို့မှုမှာ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် တန်ချိန် ၁ ဒသမ ၃ သန်းထိ ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ်မှ သတင်းရရှိသည်။

အာဖရိကနိုင်ငံများတွင် ဆန်အထွက်နည်းသဖြင့် ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်၍ မြန်မာ့ဆန်ကို အင်တိုက်အားတိုက် ပြန်လည်ဝယ်ယူလာခြင်း၊ တရုတ်နိုင်ငံအစိုးရမှလည်း အာမခံဈေးနှုန်းကို ၁၂ ရာခိုင်နှုန်း မြှင့်တင်လိုက်သည့်အတွက် တရုတ်နိုင်ငံတွင် ဆန်ဈေးမြင့်တက်လာနိုင်ခြင်းတို့ကြောင့် ယခုကဲ့သို့ သုံးသပ်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးကရှင်းပြသည်။

“အာဖရိကက ပြန်ဝယ်ပြီ။ ဒီမှာလည်း Stock လက်ကျန်နည်းနေတော့ ဈေးက ရှေ့ဆက်ကျဖို့ မရှိနိုင်တော့ဘူး”ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ထို့အပြင် ဖေဖော်ဝါရီလကုန်ပိုင်းတွင် အာဖရိကနိုင်ငံများသို့ သင်္ဘောသုံးစင်းဖြင့် (တန်ချိန်လေးသောင်းကျော်) တင်ပို့ရန်ရှိနေသည်။ ဆန်တစ်တန်၏ ဈေးနှုန်းမှာ အမျိုးအစား အရည်အသွေးပေါ်မူတည်ပြီး အမေရိကန်ဒေါ်လာ ၃၂၅ မှ ၃၄၀ ကြား ဈေးရှိကြောင်း လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်း (MAPCO)မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းကပြောသည်။

“သင်္ဘောတင်ဖို့ ၀ယ်ယူမှုများကြောင့် ပြည်တွင်းဈေးကွက်မှာ ဆန်ကြမ်း ၂၅ မှတ်က တစ်အိတ်ကို ကျပ် ၁၄၀၀၀ ဖြစ်သွားပြီ”ဟု မော်တင်ဆန်ကုန်စည်ဒိုင်မှ ပြည်တွင်းကုန်သည်တစ်ဦးကဆိုသည်။

ဆန်ကြမ်းဈေးကဲ့သို့ပင် စပါးဈေးမှာလည်း တင်းတစ်ရာလျှင် အမျိုးအစားပေါ်မူတည်၍ ကျပ် ၃၅၀၀၀၀ မှ ၃၈၀၀၀၀ ကြားရှိသည်။

ယခုနှစ် မြန်မာ့ဆန်ဈေးကွက်မှာ တရုတ်နိုင်ငံကို အဓိကတင်ပို့နေပြီး အာဖရိကတွင်လည်း သီးနှံအထွက်မကောင်းသဖြင့် ၂၀၁၃ ခုနှစ်တွင် ၀ယ်ယူမှုများ မြင့်တက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများက ပြောကြားသည်။

ယခုနှစ်ပြည်ပသို့ ဆန်တင်ပို့မှုမှာ ဇန်န၀ါရီလကုန်အထိ တန်ချိန် ၁ ဒသမ ၁ သန်း (၁၁ သိန်း) တင်ပို့ပြီးဖြစ်သည်။ ယခင်နှစ်များကနှင့် နှိုင်းယှဉ်လျှင် ပြည်ပသို့ ဆန်တင်ပို့မှုမှာ ခြောက်သိန်းကျော် မြင့်တက်လာသည်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်က ပြည်ပသို့ ဆန်တင်ပို့မှုမှာ တန်ချိန် ခုနစ်သိန်းကိုးသောင်းကျော်သာရှိသည်။ ဆယ်စုနှစ်တစ်ခုအတွင်း၌ ယခုနှစ်မှအပဆိုလျှင် ပြည်ပသို့ ဆန်တင်ပို့မှုမှာ ဆန်တန်ချိန် တစ်သန်းအောက်သာ ရှိခဲ့သည်။

သို့သော် ကမ္ဘာ့ဆန်ဈေးကွက်မှာ ပုံမှန်အခြေအနေသာရှိပြီး ထိုင်းနိုင်ငံအစိုးရမှာလည်း ပြည်ပတင်ပို့မှု လျော့ကျနေသဖြင့် အာမခံဈေးနှုန်းနှင့် ၀ယ်ယူထားမှုများ လက်ကျန်များစွာ ကျန်ရှိနေသည်။ ထို့အပြင် အိန္ဒိယနိုင်ငံမှာလည်း အရန်ဆန်သိုလှောင်မှု ပမာဏထက် ၇၀ ရာခိုင်နှုန်း ပိုများနေသည့်အတွက် ပြည်ပတင်ပို့မှုများ ရှိနေမည်ဖြစ်ကြောင်းလည်း သိရသည်။

“Oversea မှာ ယှဉ်ပြိုင်မှုမကောင်းရင်တောင် တရုတ်နိုင်ငံကတော့ အဓိကတင်ပို့နေရမယ့် အခြေအနေမှာ ရှိနေမယ်”ဟု ဦးမျိုးသူရအေးကဆိုသည်။

ထို့အပြင် မြန်မာ့ဆန်ဈေးကွက်အခြေအနေမှာ စီးပွားရေးပိတ်ဆို့မှုများ မရှိတော့သည့်အတွက် ရုရှား၊ သြစတြေးလျ၊ နယူးဇီလန် စသည့်ဈေးကွက်အသစ်များ ရလာနိုင်ကြောင်း MAPCO မှ ဒါရိုက်တာအချို့က မျှော်လင့်နေကြသည်။ လက်ရှိတွင်လည်း ဂျပန်နိုင်ငံက တင်ဒါအောင်သဖြင့် ဈေးကွက်သစ်များ ရလာသည်။ ထို့ကြောင့် ပြည်တွင်း သာမန်ဆန်အမျိုးအစားထက် အရည်အသွေးကောင်း တန်းမြင့်ဆန်များ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ကြောင်း သိရသည်။

 
 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်