From : မြဝတီ
www.MyanmarExpress.net
နေပြည်တော် ဖေဖော်ဝါရီ ၁၃
တပ်မတော်၏ အဓိက တာဝန်မှာ နိုင်ငံတော်
ကာကွယ်ရေး တာဝန် ထမ်းဆောင်ရန် ဖြစ်ပြီး နိုင်ငံတော် ကာကွယ်ရေး တာဝန်
ထမ်းဆောင်ခြင်းသည် တိုင်းပြည်၏ အချုပ်အခြာ အာဏာ ကို မထိပါးအောင် ကာကွယ်
စောင့်ရှောက်ခြင်း ပင်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူတို့၏ အသက် အိုးအိမ်
စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို
ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်း
ပြည်ပ အန္တရာယ်၊ ပြည် တွင်းရောင်စုံ သောင်းကျန်းမှု အန္တရာယ်များကို
တပ်မတော်မှပင် အသက် သွေးချွေး မြောက်မြားစွာ စွန့်လွှတ်၍ ကာကွယ်
ပေးခဲ့ရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်နိုင်ရန်
အတွက် စွမ်းရည် သုံးရပ် ပြည့်စုံပြီး အရည်အချင်း ပြည့်ဝသော တပ်မတော်
ဖြစ်အောင်နှင့် ပြည်သူက တပ်မတော် အပေါ် ယုံကြည် ကိုးစားသော တပ်မတော်အဖြစ်
ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တပ်မတော်သည် အရေးကြုံ လာတိုင်း ပြည်သူ့ ဘက်မှ
အမြဲ ရပ်တည်၍ ကာကွယ်စောင့်ရှောက် လျက်ရှိကြောင်း၊ စစ်ပညာရပ်များ သည်
ခေတ်နှင့်အညီ ပြောင်းလဲတိုးတက် နေသဖြင့် စဉ်ဆက် မပြတ် လေ့လာဆည်းပူး နေရန်
လိုအပ်သလို တတ်မြောက်ပြီးသား စစ်ပညာရပ် များကိုလည်း အမြဲ ကျွမ်းကျင်အောင်
လေ့ကျင့်ပြီး လက်တွေ့ နယ်ပယ်တွင် ထိထိရောက်ရောက် အသုံးချ
သွားရန်လိုကြောင်း၊ နည်းပညာ မြင့်မားလာသည် နှင့်အမျှ အတန်းပညာပါ
မြင့်မားရန် လိုအပ်မည် ဖြစ်၍ တပ်မတော် သားများ ပညာရည် မြင့်မားရေး အတွက်
၎င်းတို့ ဥာဏ်ရည် ရှိသလောက် ပညာ သင်ကြား နိုင်ရေး အလေးထား ဆောင်ရွက်
ပေးသွားကြရန် လိုကြောင်း၊ တပ်မတော်ထဲတွင် ပျော်ပျော် ရွှင်ရွှင်ဖြင့်
နေထိုင်နိုင်အောင် အတွက် သက်သာ ချောင်ချိရေးများ ဆောင်ရွက် ပေးရာတွင်
အထက်မှ ဆောင်ရွက်ပေးသော အပိုင်းနှင့် လက်အောက်မှ ဆောင်ရွက်ရန် ဟူ၍
နှစ်ပိုင်း ရှိသဖြင့် ကျရာ တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်သွားရန်
လိုကြောင်း၊ စိုက်ပျိုးမွေးမြူ ရေး လုပ်ငန်းများအား မူလတာဝန် မပျက်ဘဲ
မိသားစုများ၏ စားသောက်ရေးအား အထောက် အကူ ဖြစ်အောင် ဆောင်ရွက်ပေးသွား ကြရန်
လိုကြောင်း၊ မိမိတို့ နိုင်ငံသည် ပြည်ထောင်စု နိုင်ငံ ဖြစ်ပြီး လွတ်လပ်ရေး
ရပြီးချိန်မှ စ၍ အယူဝါဒ၊ တိုင်းရင်းသားရေး၊ ဘာသာရေးပေါ် မူတည်၍ ပဋိပက္ခများ
ဖြစ်ပွားခဲ့ရာ တပ်မတော် အနေဖြင့် တိုင်းပြည်ကို လက်နက်စွဲကိုင်
တိုက်ခိုက်သော သောင်းကျန်းသူ များအား တိုင်းပြည်တည်ငြိမ် အေးချမ်းမှုကို
နှောင့်ယှက် သော အကြမ်းဖက် လုပ်ရပ် များကိုသာ တိုက်ခိုက်ခဲ့ခြင်း
ဖြစ်ကြောင်း၊ တိုင်းရင်းသားများအား တိုက်ခိုက်ခြင်း မဟုတ်ကြောင်း၊ ယခုအခါ
ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားနေကြပြီ ဖြစ်၍ အယူဝါဒများ ကွဲပြားစရာ
မရှိတော့ဘဲ ဒီမိုကရေစီ ကျင့်စဉ် နှင့်အညီ ဥပဒေဘောင် အတွင်းမှ ဆောင်ရွက်
သွားရန်သာ လိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအား
ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် ရောက်ရှိအောင် တပ်မတော်မှ အတတ်နိုင်ဆုံး
ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့်
ငြိမ်းချမ်းရေး ရယူ ထားခြင်းသည် အပစ်အခတ် ရပ်စဲပြီး ယာယီ ငြိမ်းချမ်းရေး
ရယူထားခြင်းသာ ဖြစ်၍ ဥပဒေဘောင် အတွင်း အပြည့်အဝ ဝင်ရောက်လာအောင်၊ ထာဝရ
ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်ရန် ကျန်ရှိနေ သေးကြောင်း၊ လက်နက်ကိုင်
အဖွဲ့အစည်း (၁၁) ဖွဲ့အနက် (၁ဝ) ဖွဲ့မှာ ဒုတိယ အဆင့် ဖြစ်သည့် ပြည်ထောင်စု
အဆင့် ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိပြီး ဖြစ်ကြောင်း၊ KIA တစ်ဖွဲ့သာ
အကြောင်း အမျိုးမျိုးဖြင့် ကျန်ရှိရာ KIA အနေဖြင့် အမှန် တကယ်
ငြိမ်းချမ်းရေး ရယူလိုပါက အချိန်မရွေး လာရောက်တွေ့ဆုံ
ဆွေးနွေးနိုင်ကြောင်း၊ ဖိတ်လည်း ဖိတ်ခေါ် ပါကြောင်း၊ ပြည်ထောင်စုသား အားလုံး
စည်းစည်း လုံး လုံးနှင့် ဖြစ်စေ လိုကြောင်း၊ ငြိမ်းချမ်း ရေးရပြီး
ဒေသများတွင် ဒေသ ဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက် ဖြစ်သော ပညာရေး၊
ကျန်းမာရေး ဆိုင်ရာများအား ဖြည့်ဆည်း ပေးနိုင်ရန် တပ်မတော်မှ နယ်လှည့်
အထူးကု ဆေး အဖွဲ့များ စေလွှတ်၍ တတ်နိုင်သည့် ဘက်မှ ဖြည့်ဆည်းဆောင်ရွက်
ပေးလျက်ရှိကြောင်း၊ တိုင်းပြည် ထာဝရ တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုး
တိုးတက်အောင် အမြင် ကျယ်ကျယ်ဖြင့် ဆောင်ရွက်သွားရန် လိုကြောင်း၊
ပြည်ထောင်စုထဲမှ ပေါက်ဖွားလာသော တိုင်းရင်းသား များဖြင့် ဖွဲ့စည်းထားသော
ပြည်ထောင်စု တပ်မတော် ဖြစ်၍ စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ဖြစ်သည့်
ပြည်ထောင်စု စိတ်ဓာတ် မွေးမြူပြီး နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထိထိ
ရောက်ရောက် ထမ်းဆောင် သွားကြရန် တိုက်တွန်းမှာကြား လိုကြောင်း၊ တပ်မတော်မှ
ထုတ်ပြန် ထားသော စည်းမျဉ်းစည်းကမ်း များအား မှန်မှန်ကန်ကန် အသိတရား
ရှိရှိဖြင့် လေးစား လိုက်နာကြရန် လိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၁၃ ရက်
နံနက် ၉ နာရီတွင် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းခန်းမ၌
ပြုလုပ်သော နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီး
များနှင့် နေပြည်တော် တိုင်း စစ်ဌာနချုပ် နယ်မြေရှိ တပ်နယ် (၆) ခုမှ
အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်၊ မိသားစု များအား တွေ့ဆုံစဉ် အကျယ် တဝင့်
ရှင်းလင်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ဇနီး
ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး
လှဌေးဝင်း နှင့်ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်သူရ
သက်ဆွေ နှင့်ဇနီး ဒေါ်ဝေမာမာထွန်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ)
ဗိုလ်ချုပ်ကြီး မြတ်ဟိန်း နှင့်ဇနီး ဒေါ်ထွေးထွေးညွန့်၊
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်
တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့်ဇနီး၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်
ကျောင်းအုပ်ကြီးနှင့် သင်တန်းသား အရာရှိကြီးများ၊ နေပြည်တော်တိုင်း
စစ်ဌာနချုပ် နယ်မြေရှိ တပ်နယ် (၆) ခုမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်၊
မိသားစုများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်သည် အခမ်းအနားသို့ တက်ရောက် လာကြသူ များအား ရင်းရင်းနှီးနှီး
လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သတင်း ရရှိသည်။
www.MyanmarExpress.net


0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်