Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်၏ ရှင်းလင်းပြောကြားချက်


၁။ ဒေါက်တာဦးမြင့်၏ အိတ်ဖွင့်ပေးစာပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်အရ ရှင်းလင်းပြောကြားရခြင်း ဖြစ်ပါကြောင်း၊

၂။ ယင်းအိတ်ဖွင့်ပေးစာမှာ ဒေါက်တာဦးမြင့်မှ ယင်း၏ပုဂ္ဂလိကဆန္ဒအလျောက် ရေးသားခဲ့ခြင်း ဖြစ်ပြီး သမ္မတရုံးအနေဖြင့် ကြိုတင်သိရှိခြင်းလည်း မရှိ၊ နိုင်ငံတော်သမ္မတရုံး၏ သဘောထား တစ်စုံတစ်ရာ လည်း ထင်ဟပ်ခြင်းလည်း မရှိပါကြောင်း၊

၃။ ရန်ကုန်တက္ကသိုလ်၏ အစဉ်အလာဂုဏ်သိက္ခာကို ပြန်လည်ထွန်းပြောင် လာစေရန် တည်ဆောက်ထူထောင်ရေးမှာ ဒေါက်တာဦးမြင့်နှင့်တစ်ကွ ကျောင်းသား/ကျောင်းသူ ဟောင်း သစ်များ၊ ဆရာ/ဆရာမ ဟောင်းသစ်များ လိုလားတောင့်တကြသကဲ့သို့ နိုင်ငံတော်ကလည်း အထူးလိုလားဆန္ဒ ရှိသည့် ကိစ္စဖြစ်ပါကြောင်း၊ စင်စစ်၌ ရန်ကုန်တက္ကသိုလ်သာမက တစ်နိုင်ငံလုံးရှိ တက္ကသိုလ်အားလုံးကို နိုင်ငံတကာအဆင့်နှင့် ရင်ပေါင်တန်းနိုင်သည့် တက္ကသိုလ်များ ဖြစ်လာစေလိုသည့် ဆန္ဒ ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေ ဖြင့် ရန်ကုန်တက္ကသိုလ်တစ်ခုတည်းကိုသာ အထူးတလည် ဦးစားပေး တည် ဆောက်ပြီး ကျန်တစ်ပြည်လုံးရှိ တက္ကသိုလ်များကို မျက်ကွယ်ပြုထား၍ မဖြစ် နိုင်ပါကြောင်း၊

၎။ အလျဉ်းသင့်၍ နိုင်ငံ၏ တက္ကသိုလ် အဆင့်မြင့်ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်၍ နိုင်ငံတော်က ဆောင်ရွက်ကြိုးပမ်းနေမှုများကို မိမိသိသမျှ တင်ပြလိုပါကြောင်း၊ မကြာမီ ရက်ပိုင်းအတွင်းက တောင်ကြီး တက္ကသိုလ်တွင် အမျိုးသားပညာရည် မြင့်မားရေး (အဆင့်မြင့်ပညာကဏ္ဍ) နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ရာ တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များမှ ဆရာ/ဆရာမ များက စာတမ်းပေါင်း ၇၁ စောင် တင်သွင်းဆွေးနွေးခဲ့ကြကြောင်း၊ ယင်းစာတမ်းများမှာ တက္ကသိုလ်များ၌ ပညာရည်မြင့်မားရေးအတွက် ဆရာ၊ ကျောင်းသား၊ စီမံခန့်ခွဲမှု၊ နည်းပညာ၊ ငွေကြေး စသည့်ကဏ္ဍအလိုက် လိုအပ်ချက်များ ဖြည့်ဆည်း ပြုပြင်နိုင်ရန် လက်တွေ့ ပါဝင်ဆောင်ရွက်သင် ကြားနေသော ဆရာများကိုယ်တိုင် လိုအပ်ချက်ဆန်းစစ်မှု Need Analysis နှင့် အရည်အသွေး စိတ်ချသေချာအောင် ဆောင်ရွက်မှုလုပ်ငန်းစဉှ်Quality Assurance Process များကို လေ့လာသုံးသပ်အကြံပြုထားသည့် စာတမ်းများ ဖြစ်ကြောင်း၊ ယင်းစာတမ်းများမှ ထွက်ပေါ်လာသည့် ရလာဒ်များအပေါ် မူတည်၍ လုပ်ငန်းစီမံချက် Action Plan များ၊ မဟာဗျူဟာနှင့် နည်းဗျူဟာများ ချမှတ်ရေးဆွဲကာ နိုင်ငံတကာ အကူအညီများပါ ရယူပြီး လိုအပ်သည့် ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊

၅။ ပညာရည်မြင့်မားအောင် ဆောင်ရွက်ရာတွင် အပြောလွယ်သလောက် လက်တွေ့ ချက်ချင်းပြောင်းပြန် ပြောင်းလဲ၍ မရနိုင်ကြောင်း၊ အချိန်ယူကာ ငွေကြေးများစွာ ရင်းနှီးမြုပ်နှံပြီး ဆောင်ရွက်ရသည့် လူသားစွမ်းရည် ရင်းနှီး မြုပ်နှံမှုလုပ်ငန်းဖြစ်ကြောင်း၊ နိုင်ငံတော်က ပညာရေးကဏ္ဍတွင် အသုံးစရိတ်ကို ယခုနှစ်မှစ၍ နှစ်ဆတိုး သုံးစွဲခဲ့ကြောင်း၊ သို့ရာတွင် ထိုမျှနှင့် မလုံလောက်နိုင် သေးကြောင်း၊ အစိုးရတစ်ခုတည်းနှင့်လည်း ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင် မည် မဟုတ်၍ Private Public Partnership အသွင်ဖြင့် ပုဂ္ဂလိကနှင့် ပြည်သူများပါ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုပါကြောင်း၊ နိုင်ငံတကာမှ ကူညီထောက်ပံ့မှုများကိုလည်း ရယူသွားရမည် ဖြစ်ပါကြောင်း၊

၆၊ တက္ကသိုလ်များနှင့်ပတ်သက်၍ နိုင်ငံပိုင်အစိုးရတက္ကသိုလ်များ သက်သက်ပုံစံမှ ကြီးကြပ်စီမံအုပ်ချုပ်မှုကို ဘုတ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်မည့် ပုံစံသို့ ပြောင်းလဲသွားရန် ရှိပြီး သက်ဆိုင်ရာ ဒေသခံရပ်မိရပ်ဖ ပုဂ္ဂိုလ်များ အနေဖြင့် မိမိတို့ဒေသရှိ တက္ကသိုလ်များ တိုးတက်ဖွံ့ဖြိုးလာစေရန် ကိုယ်တိုင် ပါဝင် ကြိုးပမ်းခွင့် ရကြမည် ဖြစ်ကြောင်း၊

၇၊ တက္ကသိုလ်များ ပညာရည်မြှင့်တင်ရေးအတွက် ယခုဆောင်ရွက်နေသော မဟာဗျူဟာနည်းလမ်းတစ်ရပ်မှာ တက္ကသိုလ်ဆရာ၊ ဆရာမများ၏ အရည် အသွေး မြှင့်တင်ပျိုးထောင်လေ့ကျင့်ရေး Training for Trainers ဖြစ်ကြောင်း၊ ဆရာကောင်းမှ တပည့်ကောင်းများ မွေးထုတ်နိုင်မည် ဖြစ်၍ ဆရာ/ဆရာမများ ကို အရေအတွက်မှ အရည်အချင်းသို့ ပြောင်းလဲမြှင့်တင်ပေးရန် ဖြစ်ကြောင်း၊ ယင်းအတွက် နိုင်ငံတကာရှိ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်များနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံရှိ အဓိကတက္ကသိုလ်ကြီးအချို့တွင် သုတေသနနှင့် နည်းပြမွေးထုတ် လေ့ကျင့်ရေး စံပြပညာရေး ဗဟိုဌာနများအဖြစ် ဦးတည် ဆောင်ရွက်လျက် ရှိကြောင်း၊ ရန်ကုန်တွင် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များကို ယင်း Center of Excellence များအဖြစ် စံနမူနာပြ တည်ဆောက်သွားမည် ဖြစ်သကဲ့သို့ မန္တလေး တက္ကသိုလ်ကို CEO အဖြစ် မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရေးအတွက် အမေရိကန်နိုင်ငံမှ John Hopkins တက္ကသိုလ်၊ တောင်ကိုရီးယားနိုင်ငံမှ တက္ကသိုလ်များ၊ ဥရောပမှ တက္ကသိုလ်များနှင့် ဆက်သွယ် ဆောင်ရွက်လျက် ရှိကြောင်း၊ ဂျွန်ဟော့ကင်း တက္ကသိုလ်ဆိုလျှင် မြန်မာဆေးတက္ကသိုလ်များနှင့် ပူးပေါင်းဆက်သွယ်ကာ စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊

၈။ ယခု အိတ်ဖွင့်ပေးစာပါ တင်းနစ်ကွင်းကိစ္စများလည်း တင်ပြလိုပါကြောင်း၊ ဘဏ္ဍာရေးနှင့် အခြားအကြောင်းများကြောင့် ယခင်က ရန်ကုန်တက္ကသိုလ်တွင် အားကစားလုပ်ငန်းများ တက်ကြွစွာ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း၊ လွန်ခဲ့ သည့် ငါးနှစ်ခန့်မှစ၍ တက္ကသိုလ်များတွင် အားကစားလုပ်ငန်းများကို ပြန်လည် မြှင့်တင်အားပေးခဲ့ကြောင်း၊ တင်းနစ်ကွင်းများနှင့်ပတ်သက်၍ ယခင် ရှိရင်းစွဲ တင်းနစ်ကွင်း ၉ ကွင်းအပြင် မြို့တော်စည်ပင်က ကွင်းသစ် ၆ ကွင်း ဆောက်လုပ်ပေးခဲ့၍ ၁၅ ကွင်း ဖြစ်လာခဲ့ကြောင်း၊ အားကစားရုံနှင့် ကိုယ်လက် ကြံ့ခိုင်ရေး အားကစားပစ္စည်းများမှာလည်း Public Private Partnership ပုံစံဖြင့် ပုဂ္ဂလိကနှင့်တွဲဖက်၍ ပြန်လည်ထူထောင်ထားခဲ့ပြီး တက္ကသိုလ် ဆရာ/ ဆရာမ၊ ကျောင်းသား/ကျောင်းသူများအတွက် အခမဲ့(သို့မဟုတ်) အထူး ချိုသာသော လစဉ်ကြေးဖြင့် ကစားနိုင်ခဲ့ကြကြောင်း၊

၉။ ယခု အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် တင်းနစ်ကွင်းများကို နိုင်ငံတကာအဆင့်မီအောင် မြှင့်တင် တည်ဆောက်မည်ဆိုခြင်းမှာလည်း ရန်ကုန်တက္ကသိုလ်ပိုင် တင်းနစ်ကွင်းများအား ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင် များလက်သို့ ၀ ကွက် အပ်လိုက်ခြင်း မဟုတ်ကြောင်း၊ အားကစားပြိုင်ပွဲ ပြီးလျှင် တက္ကသိုလ်ပိုင် ကွင်းများအဖြစ်သာ ရှိပြီး တက္ကသိုလ်များမှ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများသာ ကစားကြရမည် ဖြစ်ကြောင်း၊ တက္ကသိုလ်မှ ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ ကွင်းသစ် အဆောက်အအုံသစ်များ ရရှိပိုင်ဆိုင်သွားမည် ဖြစ်ကြောင်း၊ အားကစားရုံကို စားသောက်ဆိုင်အဖြစ် ပြောင်းလဲပစ်မည် ဟု ဆိုခြင်းမှာလည်း နားလည်မှု လွဲမှားခြင်းသာ ဖြစ်ဖွယ် ရှိကြောင်း၊ အားကစားပြိုင်ပွဲကာလတွင် အားကစားသမားများအတွက် စားသောက်ခန်းမအဖြစ် ယာယီ အသုံးပြုခြင်းသာ ဖြစ်ပြီး ပြိုင်ပွဲ ပြီးလျှင် အားကစားရုံအဖြစ်သာ ပြန်လည်ဖွဲ့စည်းမည် ဖြစ်ပါကြောင်း၊ ဤသို့ နိုင်ငံတော်မှ စိတ်ကောင်း စေတနာထား၍ လုပ်ဆောင်ပေးခြင်းကို နားလည် သဘောပေါက်ကြစေလိုကြောင်း၊ နားလည်သဘောပေါက်ကြလိမ့်မည် ဟုလည်း ယုံကြည်ပါကြောင်း၊

၁၀။ ယခု အိတ်ဖွင့်ပေးစာပါ ကန့်ကွက်ပြောဆိုမှုသည် ရန်ကုန်တက္ကသိုလ် အတွက် စိတ်ကောင်းစေတနာဖြင့် ပြောဆိုခြင်းဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ သို့ရာတွင် ပြည့်စုံသော သတင်းအချက်အလက် မရရှိ သောကြောင့် နားလည်မှု အကောက်အယူ လွဲမှားကာ စိုးရိမ်မှုဖြင့် ပြောဆိုခြင်း ဖြစ်နိုင်ပါကြောင်း၊ မည်သို့ပင်ဖြစ်စေ ဤကိစ္စမှာ မူဝါဒဆိုင်ရာအရ အရေးပါပြီး အထူး ထိလွယ်ရှလွယ် အတိမ်းအစောင်းမခံသော ကိစ္စဖြစ်၍ အထင်လွဲမှုများ ပြေလည်သွားစေရန် ပြန်လည်ရှင်းလင်းရခြင်း ဖြစ်ကြောင်း၊

၁၁။ ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့ကြို၊ ဘွဲ့လွန် ပုံမှန်သင်တန်းများ ဖွင့်လှစ်ရေး နှင့် သမဂ္ဂကိစ္စရပ်များမှာ သက်ဆိုင်ရာ အမျိုးသားပညာရေးကောင်စီ စသည့် အဖွဲ့အစည်းများက သေချာစွာ လေ့လာသုံးသပ် စဉ်းစား ဆောင်ရွက်ရမည့် ကိစ္စများ ဖြစ်၍ ယခုရှင်းလင်းပွဲတွင် တစ်စုံတစ်ရာ ပြောကြားရန် မရှိပါကြောင်း။

Myanmar Express

1 comments:

Is that a guy who advise people to use candles if no power? Remarkable adviser. I can also advise him that take umbrella if rain.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်