Subscribe to our RSS Feed

ရန်ကုန်အမှိုက် ဂျပန် မီးရှို့စက်ဖြင့် မီးရှို့ပြီး လျှပ်စစ်ထုတ်မည် ဟုဆို


From : The Voice

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဂျပန်နိုင်ငံ အကူအညီဖြင့် အမှိုက်တန် ၆၀၀ အား ဂျပန်မီးရှို့စက် အသုံးပြုကာ ဒဂုံမြို့သစ် မြောက်ပိုင်းရှိ ထားဝယ်ချောင်တွင် မီးရှို့ဖျက်ဆီးသွားမည် ဖြစ်ပြီး လျှပ်စစ် ၄ ဒသမ ၅ မဂ္ဂါဝပ် ထွက်ရှိမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ဒုတိယဌာနမှူးက ပြောကြားသည်။

အဆိုပါ မီးရှို့စက်ကို စတင် တည်ဆောက်နေပြီး အမှိုက်များအား မီးရှို့ဖျက်ဆီးနိုင်ရန် အတွက် ဧပြီလ ၁ ရက်မှ စတင်ကာ အမှိုက်အစို၊ အခြောက် ခွဲခြား၍ အမှိုက်စွန့်ပစ်သည့် စနစ်အား ကျင့်သုံးစေခဲ့သည်။

အမှိုက်အစိုများကို မီးရှို့ရာတွင် အခက်အခဲ ရှိသဖြင့် ပြည်သူများက အမှိုက်အစို၊ အခြောက် ခွဲခြား စွန့်ပစ်သည့် စနစ်တွင် တက်တက်ကြွကြွ ပါဝင်ကြစေလိုကြောင်း မြို့တော် စည်ပင်သာယာရေး ကော်မတီက နှိုးဆော် ထားသည်။

ရန်ကုန်မြို့တော်၏ တစ်ရက်အမှိုက် စွန့်ပစ်မှုမှာ တန် ၁၆၀၀ ခန့်ရှိသော်လည်း တန် ၁၂၀၀ ခန့်သာ မြို့တော်စည်ပင်မှ သိမ်းဆည်းနိုင်ကြောင်းနှင့် ကျန်အမှိုက်များကို မြစ်ချောင်း၊ အင်းအိုင်များ၊ ရေနုတ်မြောင်းများနှင့် နောက်ဖေးလမ်းကြား အချို့တွင် စည်းကမ်းမဲ့စွာ စွန့်ပစ်နေကြ သေးကြောင်း၊ အဆိုပါ အမှိုက်အစို၊ အခြောက် ခွဲခြား စွန့်ပစ်သည့်စနစ် အောင်မြင်ပါကဆက်လက်၍ နိုင်ငံတကာ အဆင့်မီ မြို့တော်ကြီးများကဲ့သို့ ပြန်လည် အသုံးပြုနိုင်သည့် အမှိုက်နှင့် ပြည်လည် အသုံးပြု၍ မရသော အမှိုက်ဟူ၍ ခွဲခြားစွန့်ပစ်သည့် စနစ်သို့ ပြောင်းလဲ ကျင့်သုံးသွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနထံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်