Subscribe to our RSS Feed

တည်ဆဲဥပဒေအချို့ ပြင်ဆင်ရာတွင် ငွေဒဏ်နှုန်းထားပါ တစ်ပါတည်းပြင်ဆင်

From : ခေတ်လူငယ်


လက်ရှိ တည်ဆဲဥပဒေအချို့ကို ပြင်ဆင်ရာမှာ ဒဏ်ငွေနှုန်းထားတွေကိုလည်း တစ်ပါတည်း ပြင်ဆင်နေကြောင်း ပြည်သူ့လွှတ်တော် ဥပဒေပြုရေးနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဆီက သိရတယ်။ မပြင်ဆင်ရသေးတဲ့ ဥပဒေပြဋ္ဌာန်းချက်တချို့ ရှိနေပါတယ်။ ဥပမာ- မယားစရိတ်တောင်းရင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ အင်္ဂလိပ်ခေတ် လက်ထက်ကတည်းက ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်လို့ အလွန်ဆုံး ကျပ် ၁၀၀ ပဲ ပေးရမယ်လို့ ပါတယ်။ အဲသည်ခေတ်တုန်းက ငွေကျပ် ၁၀၀ က မယားစရိတ် လုံလောက်ပါတယ်။ သည်ဥပဒေကို မပြင်ရသေးပေမယ့် တရားသူကြီးက သူ့ရဲ့ ချင့်ချိန်စဉ်းစားနိုင်စွမ်းအရ လျော်ကန်သင့်မြတ်စွာ စီရင်ပေးနေတာတွေ ရှိတယ်လို့ ဥပဒေပြုရေးနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဥပဒေပညာရှင် ဒေါ်သန်းသန်းရီက ပြောပါတယ်။ သူက “ဥပဒေအရ ဘောင်ဝင်အောင်လို့ အခုပြင်နေတဲ့ ဥပဒေတိုင်းမှာ ဒဏ်ငွေနှုန်းထားတွေပါ ထည့်ပြင်နေပါတယ်” လို့ ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ တည်ဆဲဥပဒေပေါင်း ၄၀၉ ခု ရှိတယ်။ ပထမဆုံးအကြိမ်အဖြစ် သုတေသနပြုတဲ့ ဥပဒေပေါင်း ၃၆၉ ခု ရှိပါတယ်။ ပြင်ဆင်တာ၊ ဖြည့်စွက်တာတွေ ပေါင်းလိုက်ရင် ၄၀၉ ခုပါ။ ဥပဒေပြုရေးနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်ရဲ့ အဓိက လုပ်ငန်းတွေက ဥပဒေပြုမှုနဲ့ ဖျက်သိမ်းမှုတွေ ပြုလုပ်တာပါ။ ပြင်ဆင်ပြဋ္ဌာန်းဖို့ အစားထိုးဖို့နဲ့ ဖျက်သိမ်းဖို့ ဥပဒေ ၁၄ ခုကို ကော်မရှင်က လေ့လာစိစစ် အကြံပြုထားတယ်လို့ ဆိုပါတယ်။ လက်ရှိ ဥပဒေသုံးခုကိုလည်း ပြဋ္ဌာန်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။ စားသုံးသူများ ကာကွယ်ရေး အက်ဥပဒေ၊ လက်ရှိ အဂတိလိုက်စားမှု ဥပဒေကိုပြင်ပြီး အသစ်ရေးဆွဲဖို့ ဆောင်ရွက်နေတဲ့ ဥပဒေသစ်တစ်မျိုးနဲ့ လွတ်လပ်သော ကုန်သွယ်မှုဇုန် ဥပဒေတွေ ဖြစ်ပါတယ်။ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ လုပ်ဆောင်ဖို့ စီစဉ်စုဆောင်းနေတာလို့ ဥပဒေပြုရေးနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်ဦးက “ပေါ်ပေါက်လာတဲ့ အထူးကိစ္စရပ်တွေအပေါ်မှာလဲ ကျွမ်းကျင်ပညာရှင်တွေ တင်ပြပြီး ကော်မရှင်အဖွဲ့ဝင်တွေက အကြံပြုမှာ ဖြစ်တယ်” လို့ ရှင်းပြတယ်။ ဥပဒေတစ်ခုချင်း ပြင်ဆင်ရာမှာ ဥပဒေအကုန်လုံးရှိ ငွေဒဏ်တွေကို တစ်ပြေးညီပြင်မှာမျိုးတော့ မဟုတ်ပါဘူး။ သူ့ဥပဒေအလိုက် သက်ဆိုင်ရာနဲ့ ညှိနှိုင်းပြင်ဆင်မှာ ဖြစ်ကြောင်း သိရှိရသည်။
 
 Myanmar Express 

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်