Subscribe to our RSS Feed

ပထမဆုံး မြန်မာသရီးဒီဇာတ်ကား Studio 35 Plus က စတင်ရိုက်ကူး

From : မြန်မာတိုင်းမ်


ပိုမိုဆန်းသစ် ကြွရွနေပြီး ပရိသတ်ကို ကိုယ်ကြည့်နေတဲ့ ဇာတ်လမ်းထဲအထိ ဆွဲခေါ်သွားနိုင်တဲ့အတတ်ပညာ ဖန်တီးချက်တွေနဲ့ 3D ဇာတ်ကားတွေက အနုပညာလောကထဲကို ထိုးဖောက် နေရာယူလာချိန်မှာ မြန်မာနိုင်ငံရဲ့ ပထမ ဆုံး 3D ဇာတ်ကားတစ်ကားကိုလည်း Studio 35 Plus ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးက စတင်ရိုက်ကူးတော့ မယ်လို့ သိရပါတယ်။
ဇာတ်ကားရဲ့ အမည်ကို 'သုံးညအိပ် လေးရက်ခရီး' လို့ အမည်ပေးထားပြီး မင်းသား ခရီးသွားရင်း လမ်းမှာကား ပျက်လို့ အနီးအနား က အိမ်တစ်အိမ်မှာ သွားတည်းရင်း ၀ိညာဉ်ကောင်မလေးနဲ့ တွေ့ဆုံရာက အတူနေပြီး ရင်းနှီးသွားတယ်။
အဲဒီအချိန်လေးက သုံးညအိပ် လေးရက်ကြာတာကြောင့် ဒီဇာတ်ကားကို 'သုံးညအိပ်လေးရက်ခရီး'လို့ အမည် ပေးထားခြင်းဖြစ်တယ် လို့သိရပါတယ်။
ဒီဇာတ်ကားထဲမှာ ခေါင်းဆောင် မင်းသားအဖြစ် Studio 35 Plus ရဲ့ ပင်တိုင်မင်းသား ကျော်ကျော်က မျက်နှာသစ် သရုပ်ဆောင်လေး စံရတီမိုးမြင့် နဲ့အတူ ငှက်ပျောကြော်၊ အောင်ဇော်မင်း၊ K ငြိမ်း၊ မင်းလှိုင်၊ သီဟဖြိုး (Bean)၊ ကျောက်ရိုင်း ဦးအောင်မြတ်တို့က ပါဝင် သရုပ်ဆောင်မှာဖြစ်ပြီး ကျူးရင့်မာန်ရဲ့ အချစ်ဟာသဇာတ်လမ်းကို ဇာတ်ညွှန်း သည်ခေတ်နေ၊ ဒါရိုက်တာ ကိုသောင်း တို့က ရိုက်ကူး ပုံဖော်ပေးကြမှာပါ။
ဒီလို ပထမဆုံးမြန်မာ 3D ဇာတ်ကား ရိုက်ကူးချိန်မှာ တက်သစ်စ မင်းသား၊ မင်းသမီး၊ ဒါရိုက်တာတွေနဲ့ ရိုက်ကူးရ တဲ့အကြောင်းရင်း ကို Studio 35 Plus ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင်ဝင်းက စမ်းသပ်ကာလဖြစ်တာကြောင့်လို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
"မင်းသား၊ မင်းသမီးကြီးတွေ ဒါရိုက်တာကြီးတွေကျတော့ သူတို့ အချိန် ဘယ်လောက်ပေးရမလဲဆိုတာကို အရင်ဆုံးမေးကြတယ်။ ကျွန်တော်တို့ကလည်း အချိန်ဘယ်လောက်ပေးရမယ် ဆိုတာကို မပြောနိုင်သေးဘူး။ သေချာတာကတော့ အချိန်ပေးရမယ်။ အဲဒါ ကြောင့် ကိုယ့်တိုက်မှာ ရှိတဲ့သူ၊ စိတ်ရှည် လက်ရှည်လုပ်နိုင်မယ့် သူတွေကို တောင်းပန်ပြီး လုပ်ရတဲ့ အနေအထားပါ"လို့ ဦးတင်မောင်ဝင်းက ပြောပါတယ်။
3D ဇာတ်ကားတစ်ကားလုံးကို အစအဆုံး ထုတ်ကြည့်လိုက်ချင်တာဖြစ်ပြီး ဘယ်လိုအခက်အခဲမျိုးကို ကြုံလာရမလဲ ဆိုတာကို သိချင်တာကြောင့် ဒီဇာတ်ကားကို ပထမဆုံးအနေနဲ့ စတင်ရိုက်ကူးတာ ဖြစ်ပြီး နည်းပညာပိုင်းကိုတော့ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက် ကတည်းက စတင် လေ့လာထားခဲ့တာဖြစ်တဲ့အပြင် စက် ပစ္စည်းတွေကိုလည်း နိုင်ငံခြားကနေ ၀ယ်ယူထားတာ ဖြစ်ပါတယ်။
"ကြုံလာတဲ့အခက်အခဲတွေ အားလုံးကို ကျော်လွှားနိုင်ပြီဆိုရင်တော့ ဆက် လုပ်လို့ အဆင်ပြေပြီလေ။ ဒီတစ်ကား ပြီးတာနဲ့ 3D ဇာတ်ကားတွေဆက်လုပ်ဖို့ အတွက် ဒါရိုက်တာ မောင်မျိုးမင်း၊ ကြည်ဖြူသျှင်တို့နဲ့လည်း တိုင်ပင်ထားပြီး ပါပြီ"လို့ဦးတင်မောင်ဝင်း ကဆိုပါတယ်။
ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် မယ့်မင်းသား ကျော်ကျော်ကတော့ သရုပ်ဆောင်မှုအပိုင်းမှာ အခြားဇာတ်ကားတွေနဲ့ သိပ်မခြား နားတာကြောင့် စိတ်မပူပေမယ့် ဇာတ်ကားထွက်လာချိန် ရလာမယ့် ပထမဆုံး 3D ဇာတ်ကားရဲ့ ရလဒ်ကိုတော့ ရင်ခုန်တယ်လို့ဆိုပါတယ်။
ရိုက်ကူးပြင်ဆင်ချိန် နှစ်လလောက် ခန့်မှန်းထားတဲ့အတွက် သရီးဒီချစ် ပရိသတ်ကြီးဆီကို ဒီနှစ်မကုန်ခင် ရောက်တော့မယ့်အကြောင်း သတင်းပါးလိုက်ပါတယ်။


Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်