Subscribe to our RSS Feed

ငြိမ်းချမ်းရေးကိစ္စ မြို့ကြီးများသို့ သွားရောက် လေ့လာဆွေးနွေးနေ

From : Popular


 ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီသည် ယခုလအကုန် အထိ မြို့ကြီးများသို့ သွားရောက် လေ့လာ ဆွေးနွေးလျက် ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရ ရုံးတွင် ကျင်းပသော ဆွေးနွေးပွဲမှ သိရသည်။
တိုင်းရင်းသား ညီအစ်ကို အချင်းချင်း အပြန်အလှန် နားလည်မှု ပိုမို တည်ဆောက်နိုင်ရန်၊ စည်းလုံး ညီညွတ်ရေး ပိုမို ဖြစ်ထွန်း ဖော်ဆောင် နိုင်ရန်၊ တိုင်းရင်းသား လူမျိုးများ၏ မူလအခွင့်အရေးနှင့် တာဝန်ဆိုင်ရာများ လေ့လာရန်၊ ဘာသာစာပေ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို လေ့လာရန်နှင့် တိုင်းရင်းသား လူမျိုးများ၏ လူမှု စီးပွားဘဝများကို နယ် မြေဒေသ ကွင်းဆင်း လေ့လာရန် ရည်ရွယ်ထားကြောင်း ကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်က ယနေ့ နံနက်တွင် ပြောကြားခဲ့သည်။
ဦးသိန်းဇော် (ပြည်သူ့လွှတ်တော်) ဦးဆောင်သော ကွင်းဆင်း လေ့လာရေး အဖွဲ့သည် ရန်ကုန်၊ စစ်တွေ၊ မြစ်ကြီးနား၊ မန္တလေး၊ မုံရွာ နှင့် ဟားခါးသို့ သွားရောက် မည် ဖြစ်ပြီး ဦးဆိုင်ပေါင်းနပ် (အမျိုးသား လွှတ်တော်) ဦးဆောင်သော အဖွဲ့မှ ရန်ကုန်၊ ထားဝယ်၊ ဘားအံ၊ မော်လမြိုင်၊ တောင်ကြီးနှင့် လွိုင်ကော်တို့ သို့ သွားရောက် မည် ဖြစ်ကြောင်း၊ ခရီးစဉ် အပြီးတွင် နေပြည်တော်၌ ပြန် လည် တွေ့ဆုံကြမည် ဖြစ်ကြောင်း သိရသည်။
ကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်က နယ်မြေဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ ဘဝ ဖွံ့ဖြိုးတိုးတက် ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ် မှုခိုင်မာရေး၊ နိုင်ငံတော်၏ ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး စသည့် အဓိက အချက် ၃ ချက်ကို ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တိုင်းဒေသကြီး ဝန်ကြီးများ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်